
အထူးကုန်အစည်တွေအဖြစ် သတ်မှတ်ထားတဲ့ အရက်၊ စီးကရက်နဲ့ ၀ိုင်အမျိုးမျိုးတို့ကို အခွန်အမှတ်တံဆိပ်ကပ်နှိပ်ပြီးမှ ရောင်းချဖို့ သတ်မှတ်ထားပြီး အခွန်တံဆိပ်ကပ်မထားရင် သိမ်းဆည်းအရေးယူမယ်လို့ ပြည်တွင်းအခွန်များဦးစီးဌာနက အသိပေးကြေညာထားပါတယ်။
သတ်မှတ်ထားတဲ့ အခွန်အမှတ်တံဆိပ်ကပ်မထားတဲ့ အရက်၊ စီးကရက်နဲ့ ၀ိုင်းတွေအပြင် တရားမ၀င်တင်သွင်းထားတဲ့ ဘီယာအမျိုးမျိုးတို့ကို ၀ယ်ယူရောင်းချကြောင်း စိစစ်တွေ့ရရင် အထူးကုန်စည်ခွန်ဥပဒေနဲ့အညီ ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းခံရမယ့်အပြင် ဒဏ်တွေလည်း ပေးဆောင်ရမယ်လို့ ဆိုပါတယ်။
အဆိုပါကုန်ပစ္စည်းတွေကို လက်ဝယ်ထားရှိတဲ့ ရောင်းချသူဟာ သိမ်းဆည်းခံရတဲ့ ကုန်ပစ္စည်းတန်ဖိုးရဲ့ ၁၀၀ ရာခိုင်နှုန်းကို ဒဏ်ငွေအဖြစ် ပေးဆောင်ရမယ်၊ ပြည်တွင်းမှာ ထုတ်လုပ်တဲ့ ပစ္စည်းဆိုရင် ထုတ်လုပ်သူဟာ ကုန်စည်တန်ဖိုးရဲ့ ၅၀ ရာခိုင်နှုန်းကို ဒဏ်ငွေ ပေးဆောင်ရမှာဖြစ်ပါတယ်။
အခွန်တံဆိပ်ကပ်နှိပ်ထားခြင်းမရှိတဲ့ အရက်၊ စီးကရက်၊ ၀ိုင်အမျိုးမျိုးနဲ့ တရားမ၀င်တင်သွင်းတဲ့ ပြည်ပနိုင်ငံထုတ် ဘီယာအမျိုးမျိုးကို ရှာဖွေဖော်ထုတ်သိမ်းဆည်းဖို့ ဈေးကွက်အတွင်း ရှောင်တခင် ၀င်ရောက်စစ်ဆေးဆောင်ရွက်မှာဖြစ်လို့ ရောင်းချခြင်းမပြုကြဖို့လည်း သက်ဆိုင်ရာက သတိပေးထားပါတယ်။











