DVB Logo
Home
မြန်မာသတင်း
မြန်မာ ၂၀၀ ခန့် အလုပ်သမား အခွင့်အရေး တောင်းဆိုရာမှ ၂ ဦး ရိုက်နှက်ခံရ
DVB
·
December 5, 2017
မြန်မာ ၂၀၀ ခန့် အလုပ်သမား အခွင့်အရေး တောင်းဆိုရာမှ ၂ ဦး ရိုက်နှက်ခံရ
Donate to DVB

ထိုင်းနိုင်ငံ ဘန်ကောက် ထာ့ခန်နယ်မြေရှိ အလုပ်ရုံတခုက မြန်မာအလုပ်သမားတွေဟာ အလုပ်သမား အခွင့်အရေး အပြည့်အဝမရတာကြောင့် သက်ဆိုင်ရာ အလုပ်ရှင်ကို တောင်းဆိုခဲ့ရာမှာ အလုပ်ရှင်က သေနတ်နဲ့ ခြိမ်းခြောက်ခဲ့သလို တပည့်တွေရဲ့ ကိုယ်ထိလက်ရောက် ထိုးကြိတ်တာ ခံခဲ့ရပါတယ်။

အဆိုပါ အလုပ်သမားတွေဟာ တနေ့ကို ၁၀ နာရီ အလုပ်လုပ်ရပေမယ့်လည်း အလုပ်ရှင်က ၈ နာရီဖိုးသာ လုပ်အားခပေးပြီး အိုတီ (အချိန်ပိုလုပ်ခ) မရတာတွေ၊ နားရက် မရတာတွေ၊ ဥပဒေက သတ်မှတ်ထားတဲ့အတိုင်း  လုပ်အားခ အပြည့်မရတာတွေကြောင့် မှန်ကန်စွာပေးဖို့ တောင်းဆိုခဲ့ကြတာပါ။

အလုပ်ရှင်က မလိုက်လျောတဲ့အပြင် လွန်ခဲ့တဲ့ ၂ ရက်က  ခြိမ်းခြောက်ပြီး အနိုင်ကျင့် ထိုးကြိတ်ခဲ့တယ်လို့  မြန်မာအလုပ်သမား ကူညီစောင့်ရှောက်ရေး မဟာမိတ်အဖွဲ့ တာဝန်ခံ ကိုရဲမင်းက ဒီဗွီဘီကို ပြောပါတယ်။

“အဲဒီအလုပ်ရုံမှာ အမ်အိုယူအလုပ်သမားတွေလည်း ပါတယ်၊ လူနှစ်ရာကျော်ပေါ့နော်။ အလုပ်သမား အခွင့်အရေး ၅ ချက် ၆ ချက်လောက် အဓိကကျတဲ့ဟာတွေ ချိုးဖောက်ခံနေရတာကို အလုပ်သမား ဆယ်ယောက်လောက်က ဦးဆောင်ပြီးတော့ တောင်းဆိုတာ။ အဲဒါကို အလုပ်ရှင်က သေနတ်နဲ့ ခြိမ်းခြောက်ပြီး သူ့လူတွေနဲ့ အနိုင်ကျင့်တယ်၊ ပါးရိုက်တယ်၊ ကျောကုန်းတွေ ဝိုင်းထုတယ်။ အမျိုးသမီးတယောက်၊ အမျိုးသားတယောက် ဒဏ်ရာရတယ်၊ အမျိုးသားကို ဆေးရုံပို့လိုက်ရတယ်။”

အေအေစီအလုပ်သမားအဖွဲ့ကို အလုပ်သမားတွေက လာတိုင်ထားတဲ့အတွက် ထိုင်းစစ်တပ်၊ နယ်မြေခံအလုပ်သမား ကာကွယ်စောင့်ရှောက်ရေးရုံးတွေကို သတင်းပိုပြီးတော့ အလုပ်ရှင်နဲ့ သွားရောက်ညှိနှိုင်းဖြေရှင်းပေးနေပါတယ်။

ထိုင်းနိုင်ငံ အခြေစိုက် မြန်မာသံရုံးအနေနဲ့လည်း လာရောက်ကူညီဖြေရှင်းပေးဖို့ လိုလားနေပေမယ့် အလုပ်သမားသံအရာရှိတွေကို ဆက်သွယ်မရသေးဘူးလို့ ဆိုပါတယ်။

အလုပ်သမားအခွင့်အရေး ပြန်လိုက်လျောပေးဖို့၊ အလုပ်သမားတွေပေကိုယ်ထိ လက်ရောက်ကျူးလွန်တဲ့ကိစ္စ တာဝန်ယူပေးဖို့ ပြောဆိုညှိနှိုင်းနေတာဖြစ်ပြီး အလုပ်ရှင်ကတော့ သူတို့ဘက်မှာ ဘာမှအပြစ်မရှိသလို ပြောဆိုနေတယ်လို့လည်းဆိုပါတယ်။

ဆေးရုံပို့လိုက်ရတဲ့ ဒဏ်ရာရ အလုပ်သမားတွေကတော့ သက်သာလာလို့ ပြန်ဆင်းလာပြီ ဖြစ်ပါတယ်။ ဒါပေမယ့် အလုပ်ရှင်က မောင်းထုတ်ထားလို့ အလုပ်လက်မဲ့ဖြစ်ကာ နေစရာလည်းမရှိတဲ့ အခက်အခဲနဲ့ ရင်ဆိုင်နေကြရပါတယ်။

Photo : Ye Min

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013