ပုပ္ပားက ဒေါ်အောင်ဆန်းစုကြည်၏ ခြံထဲတွင် ကွန်ပျူတာသင်တန်း အခမဲ့ဖွင့်မည်
ပိုင်စိုး
·
December 5, 2017
ပုပ္ပားက ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခြံထဲမှာ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းရဲ့ အစီအစဉ်နဲ့ ဝန်ထမ်းနဲ့ ကျောင်းသားတွေကို ကွန်ပျူတာသင်တန်း အခမဲ့ဖွင့်ဖို့ စီစဉ်နေပါတယ်။
သင်တန်းတာဝန်ခံ ကိုမင်းဆန်းက “ဗုဒ္ဓဟူး၊ ကြာသပတေး၊ သောကြာမှာက အပြင်ကလူတွေ တက်နိုင်မယ်။ ဝန်ထမ်းနဲ့ ကျောင်းသားတွေကတော့ စနေ၊ တနင်္ဂနွေမှာ တက်နိုင်မှာပါ။ သင်တန်းက ဖွင့်ဖို့ အဆင်သင့်ဖြစ်နေပြီ။ ပိုပြီး စည်စည်ကားကားဖြစ်အောင် ဝန်ကြီးချုပ် အားမယ့်နေ့ ဖွင့်ဖို့ စီစဉ်ထားပါတယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။
သင်တန်းတခုမှာ လူ ၂၀ လက်ခံမှာ ဖြစ်ပြီး လက်ရှိစာရင်းပေးထားသူ ၅၀ ကျော်ရှိပြီ လို့လည်း သူက ပြောပါတယ်။
အခုဖွင့်မှာက ၄၅ ရက်ကြာမြင့်မယ့် အခြေခံကွန်ပျူတာသင်တန်းဖြစ်ပြီး လာမယ့် အသုတ်တွေမှာတော့ ဝန်ထမ်းတွေအတွက် လိုအပ်မယ့် ဘာသာရပ်တွေ၊ လူစိတ်ဝင်စားမှုများတဲ့ ဓာတ်ပုံစတဲ့ ဘာသာရပ်တွေကို တိုးချဲ့သင်ပေးဖို့ အစီအစဉ်ရှိပါတယ်။
“အခုတော့ ဝန်ထမ်း ၁၄ ယောက် စာရင်းပေးထားပါတယ်။ နောက်ထပ် လျှပ်စစ်၊ သစ်တောနဲ့ ပိုဇိုလန်စက်ရုံတွေကလည်း လာဦးမှာဆိုတော့ ဒီတသုတ်အတွက် ပြည့်ပြီပေါ့” လို့လည်း ကိုမင်းဆန်းက ပြောပါတယ်။
၂ ဧက နီးပါးကျယ်တဲ့ ပုပ္ပားတောင်ခြေက ဒီခြံကို ပိုင်ရှင်ဆီကနေ ၂၀၁၀ ခုနှစ်လောက်ကတည်းက ဒေါ်အောင်ဆန်းစုကြည်က ဝယ်ယူထားခဲ့တာဖြစ်ပြီး ဒေါ်ခင်ကြည် ဖောင်ဒေးရှင်းကနေ သင်တန်းဖွင့်ဖို့ အဆောက်အအုံတွေ ဆောက်လုပ်ထားတာ ဖြစ်ပါတယ်။
Photo : Aung Sann