DVB Logo
Home
မြန်မာသတင်း
စစ်တွေတွင်ခိုလှုံနေရသည့် ဟိန္ဒူဘာသာဝင်များအားလုံး မောင်တောနေရပ်ပြန်
DVB
·
December 5, 2017
စစ်တွေတွင်ခိုလှုံနေရသည့် ဟိန္ဒူဘာသာဝင်များအားလုံး မောင်တောနေရပ်ပြန်
Donate to DVB

 

ARSA အကြမ်းဖက်သမားတွေရဲ့ ဘေးရန်ကြောင့် စစ်တွေမြို့ ဓညဝတီ အားကစားကွင်းမှာ လာရောက်ခိုလှုံနေရတဲ့ဟိန္ဒူဘာသာဝင်တွေအားလုံးဟာ ဒီကနေ့ ဒီဇင်ဘာ၅ ရက်နေ့မှာ နေရပ် မောင်တောဒေသကို အစိုးရအစီအစဉ်နဲ့ ထွက်ခွာသွားကြပါတယ်။

ဟိန္ဒူတွေဟာ ဒီဇင်ဘာ ၃ ရက်နေ့ ၃၀၀ ကျော်တသုတ်ထွက်ခွာသွားကြပြီး ဒီကနေ့ မှာတော့ ကျန်ရှိနေတဲ့ လူဦးရေ ၁၀၀ ကျော် ဆက်လက်ထွက်ခွာသွားကြတာဖြစ်ပါတယ်။

စစ်တွေမြို့ ဓညဝတီရပ်ကွက် အားကစားကွင်းက ဟိန္ဒူကယ်ဆယ်ရေးစခန်းတာဝန်ခံ ဟိန္ဒူဘာသာဝင်ကိုမောင်လှက “ဒီကနေ့ အားလုံးဟိန္ဒူဘာသာဝင်တွေ မောင်တောကို သဘောင်္နဲ့ထွက်ခွာသွားကြပြီ။ ၃ ရက်နေ့က လူဦးရေ ၃၀၀ ကျော်တသုတ်ရယ်၊ ဒီကနေ့ မှာ ၁၀၀ ကျော်တသုတ်ရယ်။ အားလုံး ၅၀၀ ကျော်ထွက်ကြပြီ၊ လောလောဆယ်တော့ မောင်တောမှာ သူတို့တွေကို အစိုးရအဆင်ပြေတဲ့ နေရာတွေချထားပေးမယ်လို့တော့ ပြောတယ်။ စားဖို့ သောက်ဖို့ နေထိုင်ဖို့ နေရာချထားပေးမယ်လို့တော့ပြောပါတယ်။ အဆင်မပြေမလား မပြေဘူးလားတော့ မပြောတက်သေးဘူး။”

အကြမ်းဖက်ခံရတဲ့ ဟိန္ဒူအများစုကတော့ ထပ်မံအကြမ်းဖက်ခံရမှာ စိုးရိမ်နေကြသလို ဒီထက်လုံခြုရေးတွေကိုလည်း တိုးမြှင့်ချထားပေးဖို့ တောင်းဆိုကြပါတယ်။

အကြမ်းဖက်ခံရမှုတွေကြောင့် စစ်တွေမြို့ကို မိသားစုလိုက်ထွက်ပြေး တိမ်းရှောင်လာတဲ့ ဒေါ်ရာဇူပူတီက “တကယ်မသွားချင်ပါဘူး။ နောက်ထပ် အကြမ်းဖက်ခံရမှာကြောက်နေတယ်။ ကလေးတွေကလည်း သူတို့မျက်နှာတွေမှာ စိုးရိမ်စိတ်တွေ ရှိနေကြတယ်။ အစိုးရကသာ အားလုံးအဆင်ပြေ အောင်စီစဉ်ပေးမယ်လို့သာ ပြောလို့ ပြန်ရတာပါ။ ကျမတို့နေတဲ့နေရာကိုတွေကိုတော့ နောက်ထပ်အကြမ်းဖက်မှုတွေ တဖန် မဖြစ်ရအောင်လုံခြုံရေးတွေကို တင်းတင်းကျပ်ကျပ်ချပေးဖို့ တောင်းဆိုပါတယ်”လို့ ပြောပါတယ်။

မောင်တောမြို့နယ် အုပ်ချုပ်ရေးမှူး ဦးမြင့်ခိုင်က “ဒီကနေ့တသုတ်တော့သင်္ဘောနဲ့ ရောက်လာမယ်။ ညနေ၅နာရီလောက်တော့ ရောက်မယ်ဗျ။ ကျနော်တို့ သူတို့တွေကို မောင်တော အထကမှာလောလောဆယ် နေရာချထားပေမယ်။ တချို့ကိုတော့ သူတို့နေရပ်ကို ပြန်ပို့ပေးမယ်။ လုံခြုံရေးအနေအထားကတော့ မစိုးရိမ်းရတော့ပါဘူး။ စားဖို့သောက်ရိက္ခာတွေကို ၂နှစ်ပတ်စာလောက်တော့ ပေးဖို့စီစဉ်ထားပါတယ်”လို့ ဒီဗွီဘီကိုပြောပါတယ်။

ဟိန္ဒူအချို့ကိုတော့ မောင်တော အ-ထ-က(၁) ယာယီစခန်းမှာ နေရာချထားပေးမှာဖြစ်ပြီး တချို့ကိုတော့ သူတို့ရဲ့ နေရပ်ကို ကားတွေနဲ့ ပို့ဆောင်သွားမယ်လို့ ပြောပါတယ်။

သြဂုတ် ၂၅ ရက် ARSA အဖွဲ့ရဲ့အကြမ်းဖက်မှုတွေကြောင့် ဟိန္ဒူတွေ အသတ်ခံရပြီး ရုပ်အလောင်း ၄၅ ကို မောင်တော-ရဲဘော်ကျကျေးရွာ ကြားတို့မှာ တူးဖော်ရရှိခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013