DVB Logo
Home
မြန်မာသတင်း
ဒေသဖွံ့ဖြိုးရေးပူးပေါင်းလုပ်ဆောင်ရန် ယောဒေသလုံးဆိုင်ရာ လူငယ်တွေ့ဆုံပွဲ ကျင်းပမည်
DVB
·
December 5, 2017
ဒေသဖွံ့ဖြိုးရေးပူးပေါင်းလုပ်ဆောင်ရန် ယောဒေသလုံးဆိုင်ရာ လူငယ်တွေ့ဆုံပွဲ ကျင်းပမည်
Donate to DVB

 

မကွေးတိုင်းဒေသကြီး ဂန့်ဂေါမြို့မှာ ပထမဆုံးအကြိမ်အဖြစ် ယောဒေသလုံးဆိုင်ရာ ယောလူငယ်တွေ့ဆုံပွဲကို ကျင်းပနိုင်ဖို့ပြင်ဆင်နေပါတယ်။

ယောလူငယ်တွေ့ဆုံပွဲကို ဂန့်ဂေါမြို့ မြို့မတောကျောင်းမှာ ဒီဇင်ဘာ ၈ ရက်ကနေ ၁၀ ရက်ထိ ၃ ရက်ကြာ ကျင်းပမှာဖြစ်ပါတယ်။ ဒီတွေ့ဆုံပွဲကို ဂန့်ဂေါခရိုင်အတွင်း ဆော၊ ထီးလင်း၊ ကျောက်ထု၊ ကျော၊ ဂန့်ဂေါမြို့နယ်အတွင်းက ယောလူမျိုးတွေ၊ တောင်သားလူမျိုးစု၊ ချင်းလူမျိုးတွေ ပါဝင်ပြီးဆွေးနွေးကြမှာဖြစ်ပါတယ်။

တွေ့ဆုံပွဲစီစဉ်သူ တာဝန်ခံ ကိုရန်ပိုင်က “အဓိကက ယောဒေသတွင်းမှာရှိတဲ့ လူငယ်တွေ၊ ပရဟိတအဖွဲ့တွေအချင်းချင်း ချိတ်ဆက်ပြီး ဒေသဖွံ့ဖြိုးရေးအတွက် ပူးပေါင်းလုပ်ဆောင်လာနိုင်ဖို့ပါ။ နိုင်ငံရေးပါတီ၊ ဌာနဆိုင်ရာ အဖွဲ့အစည်းတွေနဲ့ပတ်သက်ခြင်း မရှိပါဘူး။ ဒီပွဲအတွက် ရည်ရွယ်ချက်တူတဲ့လူတွေစုပြီး နှစ်စကတည်းက စိတ်ကူးရမိခဲ့တာ။ စီစဉ်တာကတော့ ၆လပိုင်းလောက်ကမှ စတင်စီစဉ်ဖြစ်တာ။ အချင်းချင်းချိတ်ဆက်ပြီး လုပ်နေရတာ ပထမဆုံးအကြိမ်ဆိုတော့ အခုထိပါပဲ။ အခက်အခဲတော့ ရှိတာပေါ့။ ဒေသတစ်ခုလုံးလွှမ်းခြုံနိုင်ဖို့ စည်းရုံးနေရတယ်။”လို့ ဒီဗွီဘီကိုပြောပါတယ်။

ဒီတွေ့ဆုံပွဲကိုတက်လာတဲ့ ကိုယ်စားလှယ်တွေအနေနဲ့ ယောဒေသအတွင်းမှာ ရှိတဲ့ တောင်သားလူမျိုးစု၊ ချင်းလူမျိုးစုတို့ကို အချိုးကျပါဝင်နိုင်ဖို့စီစဉ်ထားသလို အမျိုးသမီးပါဝင်မှု ကိုလည်း အချိုးကျပါဝင်နိုင်ဖို့ စီစဉ်ထားတယ်လို့ဆိုပါတယ်။

“စုစုပေါင်းခန့်မှန်းထားတာတော့ လူ ၂၅၀ ပေါ့နော်။ ပထမဆုံးအကြိမ်ဖြစ်တဲ့အတွက် အသက်အရွယ်ကန့်သတ်ထားတာတော့မရှိသေးဘူး။ ဆောမြို့နယ်၊ ကျောက်ထုမြို့တို့က လူဦးရေ အယောက် ၅၀၊ ထီးလင်းမြို့နယ်က ၈၀၊ ဂန့်ဂေါက ၁၀၀၊ ကျောက ၂၀ သတ်မှတ်ထားတယ်။ အဲဒီထဲမှာမှ အမျိုးသမီး ၁၅ ရာခိုင်နှုန်း၊ လူမျိုးစု ၁၅ ရာခိုင်နှုန်းဆိုပြီးသတ်မှတ်ထားတယ်။” လို့ တွေ့ဆုံပွဲစီစဉ်သူ ကိုရန်ပိုင်က ပြောပါတယ်။

တွေ့ဆုံပွဲ ပထမ ၂ ရက်မှာ ဒေသတွင်းလိုအပ်ချက်ကိစ္စတွေကို တင်ပြဆွေးနွေးကြမှာ ဖြစ်ပြီးတတိယရက်မှာတော့ ဒေသခံ လွှတ်တော်ကိုယ်စားလှယ်တွေ၊ ဌာနဆိုင်ရာတွေ ဖိတ်ပြီး တင်ပြဆွေးနွေးတာတွေ လုပ်ဆောင်သွားမှာဖြစ်ပါတယ်။

တိုင်းဒေသကြီးအစိုးရအဖွဲ့ ကိုလည်း ဖိတ်ကြားထားပြီး တက်ရောက်နိုင်ခြင်းရှိမရှိကိုတော့ မသိရသေးပါဘူး။ ဆွေးနွေးပွဲက ရရှိလာတဲ့ စာတမ်းတွေကိုလည်း အစိုးရ၊ လွှတ်တော်တို့ကို တင်ပြဆွေးနွေးသွားမယ်လို့ ဆိုပါတယ်။

၂၀၁၄ ခုနှစ်သန်းခေါင်စာရင်းအရ ဂန့်ဂေါခရိုင်အတွင်းမှာ မြို့နယ် ၃ မြို့နယ်၊ မြို့ ၂မြို့နှင့် ကျေးရွာပေါင်း ၃၀၀ကျော်ရှိပြီး လူဦးရေ ၂သိန်းခွဲကျော်ရှိပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013