DVB Logo
Home
မြန်မာသတင်း
ပြည်နယ်ဖွံ့ဖြိုးရေး ဆောင်ရွက်နိုင်ရန် အင်ဂျင်နီယာအသင်း ကရင်ပြည်နယ်အသင်းခွဲ ဖွင့်လှစ်
DVB
·
December 5, 2017
ပြည်နယ်ဖွံ့ဖြိုးရေး ဆောင်ရွက်နိုင်ရန် အင်ဂျင်နီယာအသင်း ကရင်ပြည်နယ်အသင်းခွဲ ဖွင့်လှစ်
Donate to DVB

ကရင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဒေသခံအင်ဂျင်နီယာတွေက အဆင့်မြင့်နည်းပညာတွေနဲ့ တဖက်တလမ်းကနေ အကျိုးပြုဆောင်ရွက်နိုင်ဖို့ မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်း (ကရင်ပြည်နယ် အသင်းခွဲ၊ ဘားအံ)ကို ဖွင့်လှစ်လိုက်တယ်လို့ ပြည်နယ်လမ်းဦးစီးဌာန ညွှန်ကြားရေးမှူးဦးသောင်းဟန်စိုးက ပြောပါတယ်။

ဒီဇင်ဘာ ၄ ရက် မနက်က ဘားအံမြို့ ဇွဲကပင်ခန်းမမှာ ပြုလုပ်တဲ့ မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်း (ကရင်ပြည်နယ် အသင်းခွဲ၊ ဘားအံ) အသင်းသားစုံညီ ညီလာခံနှင့် အသင်းဖွဲ့စည်းခြင်း အခမ်းအနားမှာ ပြောပါတယ်။

ကရင်ပြည်နယ် လမ်းဦးစီးဌာန ညွှန်ကြားရေးမှူး ဦးသောင်းဟန်စိုးက “ကျနော်တို့လည်း အင်ဂျင်နီယာဘွဲ့ရပြီး ကျောင်းသားဘဝကနေပြီး လုပ်ငန်းခွင် ရောက်ချိန်မှာ စာတွေ့နဲ့ လက်တွေ့ ဒါ ကွာခြားပါတယ်။ နောက်တော့ ဒီပညာရပ်တွေကလည်း တဖြည်းဖြည်းနဲ့ အဆင့်မြင့်နည်းပညာတွေ ဖြစ်လာတယ်။ ဒါတွေကို ကျနော်တို့က လေ့လာလိုက်စားဖို့အတွက် အင်ဂျင်နီယာ အသင်းဝင် ဖြစ်သွားလိုရှိရင် ကျနော်တို့ နှီးနှောဖလှယ်ပွဲတွေ၊ လုပ်ငန်းခွင် ဆွေးနွေးပွဲတွေ၊ ညီလာခံတွေမှာ ကျနော်တို့ ဒီပညာရှင်တွေကို ခေါ်ပြီးတော့ ဆွေးနွေးပွဲတွေ လုပ်တဲ့အချိန်မှာ ပြည်နယ်အတွင်းမှာရှိတဲ့ ဒေသခံ အင်ဂျင်နီယာတွေ နည်းပညာဆိုင်ရာ ဗဟုသုတတွေ ရရှိလာမှာ ဖြစ်ပါတယ်။ ကျနော်တို့ အဆင့်မြင့်တဲ့ နည်းပညာတွေနဲ့ ဒီပြည်နယ်အတွင်းကို တဖက်တလမ်းကနေ အကျိုးပြု ဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်”လို့ ပြောပါတယ်။

မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်းဥက္ကဋ္ဌ ဦးအောင်မြင့်က “ကျနော်တို့ မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်းဟာ အရည်အသွေးကို ဦးစားပေး ဆောင်ရွက်သွားဖို့ ရည်ရွယ်ထားပါတယ်။ ကျနော်တို့ ဒီလုပ်ငန်းတွေကို ဆောင်ရွက်တဲ့အခါမှာ မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းနဲ့ ကျနော်တို့ မြန်မာနိုင်ငံ အင်ဂျင်နီယာအတိုင်ပင်ခံအဖွဲ့ကို ဖွဲ့စည်းထားပါတယ်။ ဒီအဖွဲ့အစည်းကနေလည်း အင်ဂျင်နီယာလုပ်ငန်းတွေကို ဆောင်ရွက်နိုင်တဲ့ အရည်အချင်းရှိတဲ့ ပုဂ္ဂိုလ်တွေကိုလည်း မွေးထုတ်ပေးလျက်ရှိတယ်”လို့ ပြောပါတယ်။

အစိုးရနည်းပညာ အထက်တန်းကျောင်း(ဘားအံ) လက်ထောက်ကထိက ဦးဇော်မင်းထက်က “ဒီ အင်ဂျင်နီယာ ဖွင့်ထားတာ ကောင်းပါတယ်။ ကလေးတွေရဲ့ အလုပ်အကိုင် အခွင့်အလမ်းတွေ ကောင်းလာလိမ့်မယ်။ အဲဒါဆိုတော့ အဆင်ပြေတယ်။ ကျနော့်အနေနဲ့ဆိုရင် ကလေးတွေကို ဝင်ဖို့အတွက် တိုက်တွန်းချင်ပါတယ်”လို့ ပြောပါတယ်။

အဆိုပါ အသင်းခွဲကို ဖွဲ့စည်းရခြင်းအားဖြင့် ကရင်ပြည်နယ်အတွင်းရှိ အင်ဂျင်နီယာ အတတ်ပညာရှင်တွေအနေနဲ့ အတွေ့အကြုံ ကျွမ်းကျင်မှုဆိုင်ရာ လက်မှတ်တွေကို ရရှိစေဖို့၊ အလုပ်ရုံဆွေးနွေးပွဲနဲ့ သင်တန်းတွေကို ဖွင့်လှစ်ပေးနိုင်ဖို့ ရည်ရွယ်တယ်လို့လည်း ဆိုပါတယ်။

အခမ်းအနားမှာ မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်း ဥက္ကဋ္ဌက နည်းပညာတက္ကသိုလ် (ဘားအံ) ကျောင်းအုပ်ကြီးထံ နည်းပညာဆိုင်ရာ စာအုပ်တွေကို ပေးအပ်လှူဒါန်းခဲ့ပါတယ်။

ကရင်ပြည်နယ် အင်ဂျင်နီယာအသင်းခွဲ ဘားအံကို ဖွဲ့စည်းရာမှာ ဂုဏ်ထူးဆောင်နာယက ၄ ဦး၊ ဗဟိုအလုပ်အမှုဆောင်ကော်မတီ ၁၅ ဦး၊ ဗဟိုကော်မတီဝင် ၂၀ ဦးတို့နဲ့ ဖွဲ့စည်းပြီး အသင်းဝင် အသင်းသားအဖြစ် ၀င်ရောက်လိုပါက ကရင်ပြည်နယ် လမ်းဦးစီးဌာနအသင်းခွဲရုံးမှာ လျှောက်ထားနိုင်ပြီး အသင်းကို တနှစ် တကြိမ် ပြန်ရွေးချယ်သွားဖို့ရှိပါတယ်။

သတင်း - ရဲမင်းခေါင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013