
ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီအနေနဲ့ ၂၀၁၇ သြဂုတ်မှ ဒီဇင်ဘာ ၄ရက်အထိ ၄လကျော်ကာလအတွင်းမှာ ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းပေါင်း ၂၀ကို အတည်ပြုခွင့်ပြုပေးခဲ့တယ်လို့ တိုင်းအစိုးရက သတင်းထုတ်ပြန်ပါတယ်။
စက်မှုနဲ့ အခြားဝန်ဆောင်မှု ကဏ္ဍတွေမှာ စင်ကာပူ၊ တရုတ်၊ ကိုရီးယား၊ ထိုင်ဝမ်၊ ဟောင်ကောင်၊ ဂျပန်နဲ့ မလေးရှားနိုင်ငံတို့က စုစုပေါင်းရင်းနှီးမြှုပ်နှံမှုလုပ်ငန်းပေါင်း ၁၇ခုနဲ့ မြန်မာ နိုင်ငံသားရင်းနှီးမြှုပ်နှံမှု လုပ်ငန်း ၃ ခုတို့ကို အတည်ပြုမိန့်တွေထုတ်ပေးခဲ့တာလို့ ဆိုပါတယ်။
ဒီလုပ်ငန်းတွေရဲ့ မတည်ငွေရင်းပမာဏ စုစုပေါင်း အမေရိကန်ဒေါ်လာ၂၂.၇၂၄သန်းနဲ့ မြန်မာကျပ်ငွေ ၈၇၁၉.၂၂သန်းရှိပြီး အလုပ်အကိုင်အခွင့်အလမ်း ၆၁၉၆ဦးအတွက် ဖန်တီးပေးနိုင်မယ်လို့လည်း ဆိုပါတယ်။
ဒီဇင်ဘာ ၄ ရက်နေ့ကကျင်းပတဲ့ ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ အစည်းအဝေးမှာလည်း မတည်ငွေရင်းပမာဏ ကျပ်ငွေ ၁၂၉၅.၈၉ သန်းရှိပြီး ၂၂၄ ဦးအတွက် အလုပ်အကိုင်ဖန်တီးပေးနိုင်မယ့် မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၁ ခုကို အတည်ပြုပေးခဲ့တယ်လို့လည်း သိရပါတယ်။
ရန်ကုန်မှာ ရင်းနှီးမြှုပ်နှံလိုသူတွေအနေနဲ့ မတည်ငွေရင်း ပမာဏအမေရိကန် ဒေါ်လာ ၅ သန်း(သို့) ကျပ်သန်း ၆၀၀၀ အထိ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းတွေအတွက် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးသို့ ဆက်သွယ်မေးမြန်း လျှောက်ထားနိုင်တယ်လို့ တိုင်းအစိုးရက ထုတ်ပြန်ထားပါတယ်။
ဓာတ်ပုံ-ရန်ကုန်တိုင်းအစိုးရ











