
စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့အနောက်ဘက်ရှိ ကျေးရွာများကို စစ်တပ်က တိုက်ပွဲမဖြစ်ဘဲ လက်နက်ကြီးတွေ ရမ်းသန်းပစ်ခတ်တာကြောင့် အမျိုးသားတယောက် လက်နက်ကြီးကျည်စ ထိမှန်ဒဏ်ရာရကာ ကျေးရွာများပြည်သူတွေ ဘေးလွတ်ရာကို တိမ်းရှောင်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မေ ၃ ရက်မနက် ၇ နာရီကျော်အချိန်မှ စတင်ကာ ရွှေဘို ခလရ ၄၂ တပ်နဲ့ မြို့အဝင် တောင်မုခ်စစ်ဆေးရေး အထိုင်ဂိတ်တို့မှ ရွှေဘိုအနောက်တောင်ခြမ်းရှိ ကျေးရွာတွေဘက်ကို တနေကုန်နီးပါး လက်နက်ကြီး ၁၀ လုံးကျော် ပစ်ခတ်တဲ့အပြင် ဒရုန်းနဲ့ ဗုံးသီးပါ ကြဲချ တိုက်ခိုက်တာလို့ သိရပါတယ်။
အောင်ချမ်းသာ၊ ဇီးတော၊ ချီပါ၊ ကံသာ၊ ပလိုင်၊ ဝါးရုံကန်နဲ့ ပုဏ္ဏားကုန်ကျေးရွာ အနီးတဝိုက်မှာ လက်နက်ကြီးကျည်တွေ ကျရောက်ပေါက်ကွဲခဲ့ပြီး ကံသာကျေးရွာမှ အသက် ၅၀ ကျော်အရွယ် အမျိုးသားတယောက် လက်နက်ကြီးကျည်စ ထိမှန်ဒဏ်ရာရရှိခဲ့ပြီး ကျေးရွာတွေက ပြည်သူတွေလည်း ဘေးလွတ်ရာ ရှောင်တိမ်းနေရတယ်လို့ သိရပါတယ်။
ဒေသခံတယောက်က “တိုက်ပွဲဖြစ်တာမရှိဘဲနဲ့ တနေကုန်နီးပါး ပစ်တာ။ လက်နက်ကြီးက ၁၀ လုံးကျော် ဒရုန်းနဲ့လည်း ဗုံးချတယ်။ ကျတာကတော့ နေရာအနှံ့ကျတာ၊ ကံသာရွာဘေးကျတဲ့ အလုံးက တယောက် အစမှန်တယ်၊ မစိုးရိမ်ရဘူး၊ ကျန်တဲ့ရွာတွေလည်း လက်နက်ကြီးကျတာတွေ ရှိတယ်။ အားလုံး ဘေးလွတ်ရာကို တိမ်းရှောင်နေရလို့ ဘေးလွတ်ရာကို တိမ်းရှောင်နေတယ်”လို့ ပြောပါတယ်။
စစ်ကောင်စီက ဧပြီလဆန်းပိုင်းက စတင်ကာ ရွှေဘိုအနောက်တောင်ခြမ်းရှိ ကျေးရွာတွေကို လေကြောင်းမှ လေယာဥ်၊ ဒရုန်းတွေနဲ့ ဗုံးကြဲတဲ့အပြင် လက်နက်ကြီးတွေနဲ့ပါ နေ့စဥ်ရက်ဆက် နေ့ ည ပစ်ခတ်နေပါတယ်။
ပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် ဧပြီ ၃ ရက်မှ အခု မေလထိ ၁ လအတွင်း သံဃာ ၃ ပါး၊ အမျိုးသား ၁ ယောက်၊ အမျိုးသမီး ၄ ယောက်တို့ သေဆုံးခဲ့ပြီး ကလေး ၃ ယောက် အပါအဝင် အမျိုးသား၊ အမျိုးသမီး ၄၇ ယောက်၊ သံဃာ ၁ ပါးတို့ ဒဏ်ရာရရှိခဲ့ပြီး ဒဏ်ရာရသူတွေထဲက ဆေးကုရင်း အောင်ချမ်းသာကျေးရွာမှ အသက် ၅၁ နှစ်ရွယ်အမျိုးသား ၁ ယောက် သေဆုံးခဲ့ပါတယ်။
ဒါ့အပြင် စစ်တပ်က ဧပြီလ ၁၀ ရက်မှ ယနေ့ထိ ရွှေဘိုမြို့အနောက်ပေါက် အဝင်ကို ပိတ်ပင်ထားတာကြောင့် ကုန်တင်ယာဥ်တွေ ကွင်းလမ်းကနေ သွားလာသယ်ယူနေရအတွက် သယ်ယူစရိတ်တွေ မြင့်ပြီး ကုန်ဈေးနှုန်းတွေလည် မြင့်တက်နေပါတယ်။










