DVB Logo
Home
မြန်မာသတင်း
ရေဦးမြို့နယ်တွင် စပါးစိုက်ခင်းတချို့ ဆစ်ပိုးကျသဖြင့် အထွက်နှုန်းလျော့ကျ
DVB
·
December 4, 2017
ရေဦးမြို့နယ်တွင် စပါးစိုက်ခင်းတချို့ ဆစ်ပိုးကျသဖြင့် အထွက်နှုန်းလျော့ကျ
Donate to DVB

စစ်ကိုင်းတိုင်းဒေသကြီး ရေဦးမြို့နယ် မီးမောင်းကုန်းကျေးရွာမှာ မိုးစပါးစိုက်ခင်းတချို့ ဆစ်ပိုး ကျရောက်တာကြောင့် ပျက်စီးမှုတွေရှိနေပြီး စပါးအထွက်နှုန်း လျော့ကျသွားတယ်လို့ ဒေသခံ တောင်သူတွေက ပြောပါတယ်။

ရေဦးမြို့နယ်မှာ မိုးစပါးစိုက်ခင်းတွေကို နိုဝင်ဘာလကုန်နဲ့ ဒီဇင်ဘာလအတွင်းမှာ ရိတ်သိမ်းလေ့ရှိပြီး အခုလို ဆစ်ပိုးကျရောက်တဲ့အတွက် အထွက်နှုန်း လျော့နည်းသွားကြောင်း သိရပါတယ်။

မီးမောင်းကုန်းကျေးရွာမှ တောင်သူမနီနီဝင်းက “ရွာက စိုက်ခင်းတော်တော်များများ ဆစ်ပိုးကျတယ်။ အစက မသိဘူး။ အနှံထွက်လာပြီး မအောင်တော့မှ သိရတာ။ ဧရာမင်းတွေကတော့ ရိတ်ပြီးပြီ။ မနှစ်က ဧရာမင်းစပါး ၁ ဧကကို တင်း ၈၀ ထွက်တယ်။ အခုတင်း ၄၀ နဲ့ အလွန်ဆုံး တင်း ၆၀ လောက်ပဲ ထွက်တော့တယ်။ ပေါ်ဆန်းစပါးတွေကတော့ မရိတ်ရသေးဘူး။ တရွာလုံး စိုက်ဧက ဆစ်ပိုး ဘယ်လောက်ကျသလဲ ဆိုတာတော့ အတိအကျ မသိရသေးဘူး။ ဒါပေမယ့် တော်တော်များများ ဖြစ်ကြတယ်"လို့ ပြောပါတယ်။

ဆစ်ပိုးအမျိုးစားမှာ ၆ မျိုးရှိပြီး စပါးပင် မည်သည့်အရွယ်မှာမဆို ဖျက်ဆီးနိုင်သလို စပါးပင်ရင့်ချိန်မှာ ဖျက်ဆီးခံရရင် အဆံမအောင်တော့ဘဲ နှံဖြူအဖြစ်နဲ့ပဲ ကျန်ရှိကြောင်း သိရပါတယ်။

“ဆစ်ပိုးက အများအားဖြင့် မြေသြဇာပမာဏ အသုံးများတာကြောင့်လည်း ဖြစ်နိုင်တယ်။ ဒါ့ကြောင့် တောင်သူတွေအနေနဲ့ နိုက်ထရိုဂျင် မြေသြဇာကို သင့်တော်တဲ့ ပမာဏနဲ့ အချိန်ကို ချင့်ချိန်ပြီးမှ သုံးစေချင်တယ်။ ပျိုးခင်းကနေ လယ်ခင်းထဲကို ပိုးရောက်ရှိတာ လျော့နည်းစေဖို့ ဥတွေကို သယ်ဆောင်လာတဲ့ ရွက်ထိပ်တွေကို ဖြတ်ပစ်ရပါတယ်။ စိုက်ပျိုးချိန် မှန်ကန်ပြီး ရိတ်သိမ်းတဲ့အခါမှာလည်း ရိုးပြတ်မှာ ခိုလှုံနေတဲ့ သားလောင်းကောင်တွေ မကျန်ရစ်အောင် မြေပြင်နဲ့ နီးနိုင်သလောက် အောက်ခြေကနေ အနီးကပ် ရိတ်သိမ်းသင့်တယ်”လို့ စိုက်ပျိုးရေးဦးစီးဌာနမှာ တာဝန်ထမ်းဆောင်ဖူးသူ ဦးငွေစိုးက ပြောပါတယ်။

ဆစ်ပိုးဟာ အရွက်များ ထွက်ရှိလာချိန်မှာ အပင်ရဲ့အောက်ခြေမှ စတင်ကာ ထိုးဖောက်လေ့ရှိပြီး အပင်ကြီးထွားလာပါက အပေါ်ပိုင်း အဆစ်တွေကို ဖောက်ထွင်းပြီး အောက်ခြေဘက်ကို ဦးတည်ဖျက်ဆီးလေ့ပါတယ်။

မီးမောင်းကုန်းကျေးရွာမှာ အခုလို စပါးစိုက်ခင်းတွေ ဆစ်ပိုးကျရောက်မှုတဲ့အတွက် တောင်သူတချို့မှာ အရှုံးပေါ်နေတယ်လို့ သိရပါတယ်။

သတင်း - ရန်နိုင်စိုး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013