
ဩစေၾတးလ် ရောဂါကုထုံးဆိုင်ရာ ကုန်ပစ္စည်းများ စီမံခန့်ခွဲရေး (တီဂျီအေ) အဖွဲ့က မှတ်ပုံတင် ခွင့်ပြုချက် မလုပ်ထားတဲ့ မြန်မာ့တိုင်းရင်းဆေးတွေကို ဝယ်ယူ အသုံးမပြုဖို့အတွက် သတိပေးလိုက်ပါတယ်။
အဲဒီ့တိုင်းရင်းဆေးတွေက ကလေး အစာကြေဆေးနဲ့ အားဆေးတွေ ဖြစ်တယ်လို့လည်း ဩစတြေးလျ အစိုးရရဲ့ ကျန်းမာရေးဌာန ကုထုံးဆိုင်ရာ ကုန်ပစ္စည်းများ စီမံခန့်ခွဲရေး အင်တာနက် စာမျက်နှာမှာ ရေးသားထားပြီး မြန်မာတိုင်းရင်း ဆေးတွေမှာ အာဆင်းနစ်ဓာတ်တွေ အများဆုံး ပါဝင်နေတာကို စမ်းသပ်တွေ့ရလို့ အခုလို ပိတ်ပင်တာလို့လည်း ဆိုပါတယ်။
ဩစတြေးလျ ကုထုံးဆိုင်ရာ ကုန်ပစ္စည်းများ မှတ်ပုံတင်တဲ့နေရာမှာ ဒီထုတ်ကုန်တွေက မပါဘူးလို့ အင်တာနက် စာမျက်နှာမှာ ရေးသားထားပါတယ်။
ဆစ်ဒနီမြို့မှာရှိတဲ့ မြန်မာဆိုင်အတော်များများမှာ တံဆိပ်အမျိုးမျိုးနဲ့ ရောင်းချနေပြီးတော့ မြန်မာအသိုင်းအဝန်းက ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနေတယ်လို့လည်း ဆိုပါတယ်။ အဲဒီ ဆေးကြောင့် ဖျားနာတာတွေကိုတော့ စစ်ဆေး မတွေ့ရဘူးလို့လည်း ဆိုပါတယ်။
လူနာတွေအနေနဲ့ နားလည်တတ်ကျွမ်းတဲ့ ဆရာဝန်တွေနဲ့ ပြသဆွေးနွေးကြဖို့နဲ့ မှတ်ပုံတင်ခွင့်ပြုချက်ရ ထားတဲ့ ဆေးဝါးတွေကို သုံးစွဲကြဖို့ တိုက်တွန်းထားပါတယ်။
ဆေးဝါးတွေကို တရားမဝင်တင်သွင်းရင် အများဆုံး ဩစတြေးလျ ဒေါ်လာ ၅ သန်းခွဲကျော် လောက်ထိ ဒဏ်ရိုက်ခံရမှာလို့ ဆိုပါတယ်။ အရင်ကလည်း မြန်မာနိုင်ငံပိုင် သတင်းစာတွေမှာ မှတ်ပုံတင်ခြင်းမရှိတဲ့ ဆေးတံဆိပ်တွေကို အသုံးမပြုဖို့ သတိပေးချက်တွေ ထည့်သွင်းခဲ့ပါတယ်။











