
အီရန်စစ်ရေးစွမ်းရည်ဟာ ကလေးတွေကစားတဲ့ ဘောင်ဘောင်သေနတ်နဲ့ ပစ်တဲ့အဆင့်လောက်ကို လျှောကျသွားပြီဖြစ်လို့ အလံဖြူထောင်သင့်ပြီဖြစ်ပေမဲ့ ဒီလိုလုပ်ဖို့ကျတော့ မာနကြီးလွန်းနေတယ် လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က မေ ၅ ရက်မှာ ပြောပါတယ်။
အီရန်စစ်တပ်ဟာ လုံးဝပြိုကွဲသွားပြီဖြစ်လို့ သူတို့အနေနဲ့ သဘောတူညီချက်တခု ရယူချင် နေတယ် လို့ အိမ်ဖြူတော်မှာ သတင်းထောက်တွေကို ထရမ့်ပ်က ပြောပါတယ်။
ဒေသတွင်းက အီရန်ဆိပ်ကမ်းတွေကို အမေရိကန်က ပိတ်ဆို့ထားမှုဟာ သံမဏိတုံးကြီးလို ခိုင်မာပြီး အရမ်းကို အလုပ်ဖြစ်နေတယ်လို့ ထရမ့်ပ်က ချီးကျူးပါတယ်။ ဒီလိုပိတ်ဆို့မှုကို ဘယ်သူမှ စိန်ခေါ်ရဲမှာ မဟုတ်ဘူးလို့လည်း ဆက်ပြောပါတယ်။
တကယ်လို့ သူသာ အခုလို အရေးယူဆောင်ရွက်မှု မလုပ်ခဲ့ရင် အရှေ့အလယ်ပိုင်းဒေသတခုလုံး ပျက်စီးသွားနိုင်တယ်လို့ သမ္မတက ဆိုပါတယ်။ ဒါပေမဲ့ အီရန်ပြည်သူတွေဟာ လူကောင်းတွေဖြစ်လို့ သူတို့ကို မသတ်ချင်ဘူးလို့လည်း ထရမ့်ပ်က ပြောပါတယ်။
အီရန်ကို အခုလို အရေးယူချိန်မှာ ရေနံဈေးနှုန်းတွေ ဒေါ်လာ ၃၀၀ အထိ တက်သွားနိုင်တယ်လို့ တွေးမိကြောင်းလည်း ထရမ့်ပ်က ပြောပါတယ်။
လက်ရှိမှာ ရေနံဈေးက ၁၀၂ ဒေါ်လာလောက်သာရှိပြီး ဒါဟာ အီရန်ကို နျူကလီးယားလက်နက် မပိုင်ဆိုင်နိုင်အောင် တားဆီးနိုင်ခဲ့တဲ့အတွက် ပေးဆပ်ရကျိုးနပ်တယ်လို့ ထရမ့်ပ်က ပြောပါတယ်။
အမေရိကန်နဲ့ အီရန်ဆွေးနွေးပွဲတွေကြားမှာ စစ်ဆင်ရေး ရပ်ဆိုင်းထားတယ်လို့ ထရမ့်ပ်က ပြောဆို အပြီးမှာ အမေရိကန်ရဲ့ တဖက်သတ် တောင်းဆိုချက်တွေကို လိုက်နာဖို့ မဖြစ်နိုင်ဘူးလို့ အီရန်သမ္မတ က တုံ့ပြန်ပါတယ်။
အီရန်အစိုးရနဲ့ သဘောတူညီချက်တခု အပြီးသတ်နိုင် မသတ်နိုင်ကို ကြည့်ဖို့ ကာလတိုအတွက် ဟော်မုဇ်ရေလက် ကြားကိုဖွင့်မဲ့ “Project Freedom” စစ်ဆင်ရေးကို ရပ်ဆိုင်းထားမယ်လို့ ဒေါ်နယ် ထရမ့်ပ်က ကနဦးမှာ ပြောဆိုခဲ့ပါတယ်။
အီရန်သမ္မတ မာဆွတ်ပေဇက်ရှ်ကီယံကတော့ “အမေရိကန်ဟာ အမြင့်ဆုံးဖိအား ပေးတဲ့မူဝါဒကို လိုက်စားနေပြီး အီရန်ဟာ တဖက်သတ်တောင်းဆိုချက်တွေကို လိုက်နာလိမ့်မယ်လို့ မျှော်လင့် နေတယ်။ အီရန်အစိုးရအတွက် ဒါမျိုးက မဖြစ်နိုင်ပါဘူး”လို့ ပြောပါတယ်။
အာရပ်စော်ဘွားများပြည်ထောင်စု (UAE) က အီရန်ရဲ့ ဒုံးကျည်တွေ ဒရုန်းတွေနဲ့ တိုက်ခိုက်တဲ့ ဒုတိယမြောက်နေ့ကို ရင်ဆိုင်ခဲ့ရတယ်လို့ ပြောခဲ့ပြီး အီရန် အစ္စလာမ်မစ်တော်လှန်ရေးအစောင့်တပ် (IRGC) က တာဝန်ယူဖို့ ငြင်းခဲ့ပါတယ်။
IRGC တပ်ရဲ့ မြန်နှုန်းမြင့် စက်လှေတွေကို ပစ်မှတ်ထားပြီး ဟော်မုဇ်ရေလက်ကြားက ခရီးသည်တင် လှေတွေကို တိုက်ခိုက်ရာမှာ အမေရိကန်တပ်တွေက အရပ်သား ၅ ယောက်ကို သတ်ခဲ့တယ်လို့ အီရန်က စွပ်စွဲခဲ့ပါတယ်။
ဟော်မုဇ်ရေလက်ကြားက စီးပွားရေးဆိုင်ရာ သင်္ဘောတွေကို ကာကွယ်ဖို့ အမေရိကန်ရဲ့ စစ်ဆင်ရေး က ယာယီဖြစ်ပြီး အမေရိကန်အစိုးရက တိုက်ခိုက်ဖို့ မကြိုးစားခဲ့ဘူးလို့ အမေရိကန် ကာကွယ်ရေး ဝန်ကြီး ပိထ်ဟက်ဇက်က မေ ၅ ရက်မှာ ပြောပါတယ်။
Project Freedom က ကာကွယ်ရေးသဘောသဘာဝရှိပြီး အတိုင်းအတာနဲ့ ယာယီအားဖြင့် အာရုံ စိုက်ထားတယ်၊ အပြစ်မဲ့ စီးပွားရေးဆိုင်ရာ သင်္ဘောတွေကို အီရန်ရဲ့ ကျူးကျော်မှုကနေ ကာကွယ်ဖို့ တခုတည်းသော စစ်ဆင်ရေးနဲ့ ဆောင်ရွက်တယ်။
အမေရိကန်တပ်ဖွဲ့တွေက အီရန်ရေပိုင်နက် ဒါမှမဟုတ် လေပိုင်နက်ထဲဝင်ဖို့ မလိုပါဘူးလို့ ဟက်ဇက် က သတင်းစာရှင်းလင်းပွဲတခုမှာ ပြောပါတယ်။
အမေရိကန်စစ်တပ်ဟာ ဟော်မုဇ်ရေလက်ကြားမှာ အီရန်ရဲ့ လှေ ၇ စင်းကို ပစ်ခတ်နှစ်မြုပ်ခဲ့တယ်လို့ ထရမ့်ပ်က မေလ ၄ ရက်မှာ ပြောပါတယ်။
ဟော်မုဇ်ရေလက်ကြားကတဆင့် သင်္ဘောတွေ လွတ်လွတ်လပ်လပ် သွားနိုင်စေဖို့ စစ်ဆင်ရေး တခု စတင်ချိန်မှာ အမေရိကန် စစ်တပ်က အီရန်လှေ ၆ စင်းကို ဖျက်ဆီးခဲ့ပြီး အီရန်က ပစ်လွှတ်လိုက်တဲ့ ခရုဇ်ဒုံးကျည်တွေနဲ့ ဒရုန်းတွေကိုလည်း ကြားဖြတ် ပစ်ချခဲ့တယ်လို့ ပြောပါတယ်။
အမေရိကန်နဲ့ အီရန်တို့ဟာ ဟော်မုဇ်ရေလက်ကြားကို ထိန်းချုပ်ဖို့ ရုန်းကန်နေရပြီး မခိုင်မာတဲ့ အပစ်အခတ်ရပ်စဲရေးကို ထိခိုက်စေတဲ့ ပင်လယ်ကွေ့ တိုက်ခိုက်မှု အသစ်တွေကို တနင်္လာနေ့မှာ ပြုလုပ်ခဲ့ပါတယ်။
Source:Reuters










