DVB Logo
Home
မြန်မာသတင်း
ကေအန်ယူနှင့် ပူးပေါင်းပြီး လူမှုရေးလုပ်ငန်းများ ဆောင်ရွက်နေဟု လူကယ်ပြန်ပြော
DVB
·
December 4, 2017
ကေအန်ယူနှင့် ပူးပေါင်းပြီး လူမှုရေးလုပ်ငန်းများ ဆောင်ရွက်နေဟု လူကယ်ပြန်ပြော
Donate to DVB

 

တိုင်းရင်းသား လက်နက်ကိုင်နယ်မြေတွေမှာ ကရင်ပြည်နယ် လူမှုဝန်ထမ်းဦးစီးဌာနနဲ့ ကေအန်ယူတို့ ပူးပေါင်းပြီး လူမှုရေးလုပ်ငန်းတွေ ဆောင်ရွက်နေတယ်လို့ ကရင်ပြည်နယ် လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဦးစီးဌာန၊ ဒုညွှန်ကြားရေးမှူး ဦးဇော်မင်းက ပြောပါတယ်။

ဒီဇင်ဘာ ၃ ရက်နေ့ မနက် ၉ နာရီက ဘားအံမြို့ သီရိဘားအံဟိုတယ်မှာ ကျင်းပပြုလုပ်တဲ့ အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ အခမ်းအနားမှာ ဒီဗွီဘီကို ပြောပါတယ်။

ကရင်ပြည်နယ် လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဦးစီးဌာန၊ ဒုညွှန်ကြားရေးမှူး ဦးဇော်မင်းက “ကျနော်တို့ ငြိမ်းချမ်းရေးအဖွဲ့အစည်းတွေနဲ့ ပတ်သက်ပြီးတော့ ကရင်ပြည်နယ် လူမှုဝန်ထမ်းဦးစီးဌာနနဲ့ ဟိုဖက်က ကေအန်ယူ ကျန်းမာရေးနဲ့ လူမှုရေးဌာန အဖွဲ့အစည်းက လူကြီးတွေနဲ့ ပူးပေါင်းပြီး လူမှုရေးလုပ်ငန်းတွေ ဆောင်ရွက်နေတဲ့ အနေအထားတွေရှိသလို သူတို့နဲ့လည်း ကျနော်တို့က အမြဲတမ်း တွေ့ဆုံပြီးတော့ ရှေ့ဆက် ပူးပေါင်းဆောင်ရွက်ဖို့ ရှိပါတယ်။ ဒါကတော့ ကျနော်တို့ ကရင်ပြည်နယ်မှာ လူမှုဝန်ထမ်းဦးစီးဌာနရဲ့ ထူးခြားချက်တခုပါ” လို့ ပြောပါတယ်။

မသန်စွမ်းသူတွေအနေနဲ့ စိတ်ဓာတ်ကျနေဖို့ မလိုသလို ကြိုးစားရင် အောင်မြင်မှုဆိုတာ ရှိပြီး တာဝန်ရှိသူတွေဘက်ကလည်း မသန်စွမ်းတွေကို ပိုမိုကူညီပံ့ပိုးပေးနိုင်ရင် ပိုကောင်းမယ်လို့ မြန်မာ့လက်ရွေးစင် မသန်စွမ်း ပြေးခုန်ပစ်အားကစားသမား ကိုကျော်ကျော်ဝင်းက ပြောပါတယ်။

“မသန်စွမ်း တယောက်ဖြစ်သွားပြီဆိုရင် စိတ်ဓာတ်တွေက အနည်းနဲ့အများ ကျမှာပဲလေ။ မွေးရာပါပဲဖြစ်ဖြစ်၊ ကြီးမှဖြစ်တဲ့ မသန်စွမ်းပဲဖြစ်ဖြစ် စိတ်ဓာတ်ကတော့ ကျမှာပဲ။ ကျနော် အစပိုင်းမှာ စိတ်ဓာတ်တွေ အများကြီးကျခဲ့တယ်။ ကိုယ့်ဘ၀ကိုယ် ပြန်လည် အသစ်တဖန် ထူထောင်ခဲ့တယ်။ အားကစားလောကကို ခြေစုံပစ်ဝင်တဲ့အချိန်ကစပြီး ကိုယ့်ဘ၀ကိုယ် ကိုယ့်တတ်နိုင်သမျှ ပြန်လည်ထူထောင်ခဲ့တယ်။ ဒါကြောင့် မသန်စွမ်းဆိုပြီး စိတ်ဓာတ်ကျနေဖို့ မလိုဘူး။ ကိုယ်တိုင်လည်း ကြိုးစားပါ။ ကြိုးစားရင် အောင်မြင်မှုဆိုတာ ရှိပါတယ်။ တာဝန်ရှိသူတွေကလည်း မသန်စွမ်းတွေကို ဒီထက်ပိုပြီး ကူညီပံ့ပိုးပေးနိုင်ရင် ပိုကောင်းတာပေါ့”လို့ ပြောပါတယ်။

အဆိုပါအခမ်းအနားမှာ အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ စာစီစာကုံးပြိုင်ပွဲ ဆုရရှိခဲ့ကျတဲ့ ကျောင်းသား ကျောင်းသူတွေနဲ့ ကရင်ပြည်နယ် ကိုယ်စားပြု ပြည်တွင်း ပြည်ပ အားကစားပြိုင်ပွဲတွေမှာ ဆုတံဆိပ်တွေရရှိအောင် စွမ်းဆောင်ပေးခဲ့တဲ့ မသန်စွမ်း အားကစားသမားတွေကို ဂုဏ်ပြုဆုငွေနဲ့အတူ ဂုဏ်ပြုလက်မှတ်တွေ ပေးအပ်ချီးမြှင့်ခဲ့ပါတယ်။

ကရင်ပြည်နယ်အတွင်း မွေးရာပါ ကိုယ်အင်္ဂါမသန်စွမ်းသူ ၂၅၁၆ ဦး၊ ဥာဏ်ရည်မမှီသူ ၈၅၄ ဦး၊ မျက်မမြင် ၄၉၇ ဦးနဲ့ ဆွံ့အနားမကြားသူ ၇၄၉ ဦးကို ထောက်ပံ့ကူညီပေးနေသလို့ မိုင်းဒဏ်သင့်သူတွေအတွက် လူတဦးကို ၂ သိန်းနှုန်း ထောက်ပံ့ပေးပြီး၊ အသေးစားခြေတုပြင်ဆင်မှု ၆၅၆ ဦး၊ အားပြုကိရိယာ ၉၈၅ ဦး၊ ခြေတုတပ်ဆင်မှု ၃၈ ဦးကို လူမှုဝန်ထမ်းဦးစီးဌာနက ကူညီထောက်ပံ့မှုတွေ ဆောင်ရွက်ပေးနိုင်ခဲ့တယ်လို့ သိရပါတယ်။

သတင်း - ရဲမင်းခေါင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013