DVB Logo
Home
မြန်မာသတင်း
ငပုတောတွင် တောဆင်ရိုင်းအုပ် ၀င်ရောက်၊ စိုက်ခင်းနှင့်တဲများ ဖျက်ဆီး
DVB
·
December 4, 2017
ငပုတောတွင် တောဆင်ရိုင်းအုပ် ၀င်ရောက်၊ စိုက်ခင်းနှင့်တဲများ ဖျက်ဆီး
1 / 9
Donate to DVB

 

ဧရာဝတီတိုင်း ငပုတောမြို့နယ် အာကာကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာတွေမှာ ဒီဇင်ဘာ ၃ ရက် ညနေပိုင်းက တောဆင်ရိုင်းအုပ်လိုက် ဝင်ရောက်ပြီး တဲတွေနဲ့ စိုက်ခင်းတွေ ဖျက်ဆီးမှု ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

အာကာကျေးရွာအုပ်စုထဲမှာရှိတဲ့ ပုသိမ်-မော်တင် ကားလမ်း ၆၈ မိုင်နားက စိုက်ခင်းတွေ ကို ညနေပိုင်းမှာ တောဆင်ရိုင်း ၁၀ ကောင်ထက်မနည်း ဝင်ရောက်ဖျက်ဆီးခဲ့ပြီး ည ၈ နာရီလောက်မှာ တဲတလုံးကိုလည်း ဝင်ဖျက်ဆီးလို့ သစ်တောရဲတွေက သေနတ်ပစ်ဖောက် မောင်းထုတ်ခဲ့ရပြီး ရွာသားတွေလည်း ကြောက်လန့်နေတယ်လို့ ကျေးရွာတာဝန်ရှိသူတွေက ပြောပါတယ်။

“တဲကိုဝင်ဖျက်နေတယ်လို့ အဲ့ကကောင်မလေးက အော်တော့ တဲနားကိုဝင်ဖို့ သေနတ်ဖောက်တော့ ဆင်ရိုင်းအုပ်လည်း တောထဲပြန်ဝင်သွားတယ်။ မြင်လိုက်တာတော့ ကာလမ်းအရှေ့မှာ ဆင် ၈ ကောင်လောက်နဲ့ အနောက်မှာ ၆ ကောင်လောက်ရှိတယ်။ ဒီနေ့တော့ သစ်ထုတ်လုပ်ရေးက ကွန်ဂျီဆင်တွေနဲ့ ပြန်မောင်းထုတ်မယ်” လို့ ငပုတောမြို့နယ် တင်းချောင်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးထွန်းလေးက ပြောပါတယ်။

တောဆင်ရိုင်းအုပ်တွေဟာ တောထဲကို ညဘက်ပြန်ဝင်ရောက်သွားပြီး ပြန်ပေါ်လာတာ မရှိပေမယ့် သစ်ထုတ်လုပ်ရေးက ကွန်ဂျီဆင်တွေနဲ့ ပြန်မောင်းထုတ်ဖို့ လုပ်နေပြီး လူအင်အား လည်း အများကြီးလိုအပ်နေတယ်။ နောက်ကွယ်မှာ ဆင်မုဆိုးတွေ အန္တရာယ်ရှိနေလား စုံစမ်းနေတယ်လို့ မြန်မာ့သစ်လုပ်ငန်း မြစ်တရာကြိုးဝိုင်း တာဝန်ရှိသူတွေက ပြောပါတယ်။

ငပုတောမြို့နယ် သစ်တောဦးစီးဌာနဦးစီးမှူး ခွန်ပြုံးနိုင်က “အဲဒီဘက်တွေကတော့ ဆင်တွေ မကြာခဏ ဝင်နေကြပါ။ ဌာနအနေနဲ့ အဓိကက ဆင်တွေ သတ်ဖြတ်မခံရအောင် ကာကွယ်ပေးပြီး လူတွေလည်း အန္တရာယ်မရှိအောင် ကွန်ဂျီဆင်တွေနဲ့ တောထဲကို ပြန်မောင်းထုတ်ပါမယ်” လို့ ပြောပါတယ်။

ဧရာဝတီတိုင်း ပုသိမ်မြို့နယ် ကျောက်ဖျာကျေးရွာအုပ်စုထဲက ရွာတွေမှာ နိုဝင်ဘာ ၃၀ ရက်နေ့ကလည်း တောဆင်ရိုင်းတွေဝင်ရောက်ပြီး တဲတလုံးကို ဖျက်ဆီးပြီး ဝက်တကောင်ကို လည်း နင်းပြီးသတ်ဖြတ်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

သတင်း - မြမင်းဦး(ပုသိမ်)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013