DVB Logo
Home
မြန်မာသတင်း
စပါးစက်မှထွက်သည့် ဖွဲမှုန်များကြောင့် ညောင်လေးပင် ဒေသခံများ ကျန်းမာရေးထိခိုက်
DVB
·
December 4, 2017
စပါးစက်မှထွက်သည့် ဖွဲမှုန်များကြောင့် ညောင်လေးပင် ဒေသခံများ ကျန်းမာရေးထိခိုက်
Donate to DVB

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့နယ် မြို့မ ၄-ရပ်ကွက်၊ အောင်သပြေလမ်းမှာရှိတဲ့ အောင်မင်္ဂလာ စပါးစက်က ထွက်ရှိလာတဲ့ ဖွဲမှုန်တွေကြောင့် ကျန်းမာရေး ထိခိုက်နေတယ်လို့ ရပ်ကွက်နေ ပြည်သူတွေက ပြောပါတယ်။

အောင်မင်္ဂလာ စပါးကြိတ်စက်ဟာ ၂၄ နာရီလုံး လည်ပတ်နေတာဖြစ်ပြီး စပါးစက်က ထွက်လာတဲ့ ဖွဲမှုန်တွေကြောင့် အနီးအနားမှာရှိတဲ့ သက်ကြီးရွယ်အိုတွေ၊ ကလေးငယ်တွေ အသက်ရှူလမ်းကြောင်းနဲ့ဆိုင်တဲ့ ရောဂါဝေဒနာတွေ ခံစားနေရပြီး နေအိမ်ထဲထိ ဖွဲမှုန်တွေ ရောက်ရှိနေတာကြောင့် နေ့စဉ် လူနေမှုဘဝကိုပါ ထိခိုက်ခံစားနေရတယ်လို့လည်း ဆိုပါတယ်။

ဒေသခံမဇင်မျိုးဝင်းက“ကျမတို့ ဒီရပ်ကွက်မှာရှိတဲ့ အောင်မင်္ဂလာဆန်စက်ဟာ ၂၄ နာရီလုံး မနားတမ်း စက်က လည်နေတာ။ စပါးခွံတွေထွက်တဲ့ ပြောင်းဝကို လူနေအိမ်ဘက်ကို လှည့်ထားတော့ အဲဒီကထွက်တဲ့ အမှုန်တွေက ကျမတို့အိမ်တွေဘက်ကို လာတယ်။ သက်ကြီးရွယ်အိုတွေ၊ ကလေးငယ်တွေမှာ အသက်ရှူ မဝကြဘူး ဖြစ်နေရတယ်။ မွှန်ထူနေတာလေ။ ကျမအမျိုးသားဆို အဆုတ်ရောဂါသည်။ တခါတခါဆို အသက်ရှူကျပ်သွားတယ်။ အိမ်တွေပေါ်မှာဆို အမှုန်တွေချည်းပဲ။ တနေကုန် တံခါးပိတ်ထားတော့လည်း လေက မရ။ ဖွင့်ထားတော့လည်း အသက်ရှူကကျပ်၊ ဖုန်ကဝင်နဲ့ ဝဋ်ခံနေရသလိုပဲ”လို့ ပြောပါတယ်။

ဆန်စက်ဘေးမှာရှိတဲ့ အောင်သပြေလမ်း အပါအဝင် လမ်း ၂ လမ်းမှာရှိတဲ့ ဒေသခံတွေ အများဆုံး ခံစားနေရတာဖြစ်ပြီး လူမှုရေးအရ သွားရောက်ပြောကြားခဲ့ပေမယ့် စက်ပိုင်ရှင်တွေအနေနဲ့ တစုံတရာ ပြုလုပ်ပေးတာ မရှိဘူးလို့ သိရပါတယ်။

၁၉၅၄ ခုနှစ်လောက်က တည်ဆောက်ခဲ့တာဖြစ်ပြီး အဲဒီအချိန်ကတည်းက စပါးစက်ကို လည်ပတ်လာခဲ့တာ။ အခုပြောနေတဲ့ လူနေအိမ်တွေနဲ့ ဒီစပါးစက်ဟာ ပေ ၁၀၀ နီးပါးလောက် ဝေးနေပြီး အရင်ကတည်းက ဖွဲမှုန်မလွင့်အောင် လုပ်ထားပေးတယ်လို့ အောင်မင်္ဂလာ ဆန်စက်ပိုင်ရှင်က ပြောပါတယ်။

“ခု ဆောင်းလေတိုက်တဲ့ အချိန်အခါမှာတော့ အနည်းအကျဉ်း လွင့်တာမျိုးတော့ ရှိမှာပေါ့။ ခုဟာကလည်း ကုန်းက မခြောက်သေးတော့ ကားဝင်လို့ မရလို့ ဒီစပါးခွံတွေကို သယ်ထုတ်ဖို့ ခက်နေတာပါ။ ဒါကြောင့် ဖွဲပုံက ကြီးသွားခဲ့ရပြီး လေတိုက်လို့ လွင့်တာမျိုးပဲရှိတာပါ။ ကားဝင်လို့ရတာနဲ့ အကုန်သယ်မှာပါ”

ဒီဖြစ်စဉ်နဲ့ပတ်သက်လို့ စပါးစက်ပိုင်ရှင်တွေအနေနဲ့ တစုံတရာ ပြုလုပ်ပေးခြင်း မရှိပါက ပြည်သူတွေ စုပေါင်းလတ်မှတ်ထိုးကာ တိုင်းဒေသကြီးအစိုးရအထိ တိုင်ကြားသွားမယ်လို့လည်း သိရပါတယ်။

သတင်း - နေလင်းထိုက်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013