DVB Logo
Home
မြန်မာသတင်း
သစ်တောထိန်းသိမ်းရေး အစုအဖွဲ့ပိုင် သစ်တောများ ခွင့်ပြုပေးခြင်းဖြစ်ဟုဆို
DVB
·
December 4, 2017
သစ်တောထိန်းသိမ်းရေး အစုအဖွဲ့ပိုင် သစ်တောများ ခွင့်ပြုပေးခြင်းဖြစ်ဟုဆို
1 / 2
Donate to DVB

ရှိရင်းသစ်တောကို ထိန်းသိမ်းပြီး အသစ်ပြန်လည်စိုက်ပျိုးတဲ့ သစ်ထုတ်ခြင်းဖြင့် သစ်တောထိန်းသိမ်းဖို့ အစုအဖွဲ့ပိုင် သစ်တောစိုက်ခင်းတွေကို ခွင့်ပြုပေးနေတာလို့ သစ်တောဦးစီးဌာနက ပြောပါတယ်။

ရှိရင်းသစ်တောကို ထိန်းသိမ်းပြီး အသစ်ပြန်လည်စိုက်ပျိုးတဲ့ သစ်ထုတ်ခြင်းဖြင့် သစ်တော ထိန်းသိမ်းရန် ရည်ရွယ်ပြီး အစုအဖွဲ့ပိုင် သစ်တောစိုက်ခင်းများကို မြန်မာနိုင်ငံ သစ်တောဦးစီး ဌာနက စိုက်ပျိုးခွင့်ပြုပေးနေတာ ဖြစ်တယ်လို့ မင်းကင်းမြို့မှာ ဒီဇင်ဘာ ၃ ရက်က ပြုလုပ်တဲ့ အစုအဖွဲ့ပိုင် စိုက်ခင်းတည်ထောင်ခြင်း လက်မှတ်ပေးအပ်ခြင်း အခမ်းအနားမှာ သစ်တောဦးစီးဌာန ကလေးခရိုင် လက်ထောက်ညွှန်ကြားရေးမှူး ဦးအေးသန်းက ပြောကြားခဲ့ပါတယ်။

"သစ်တော ပြည်သူကို ပေးအပ်တာပဲ ဖြစ်ပါတယ်။ ဒီကနေမှ ခုချိန် သစ် တန် ၁၀၀ ထွက်မယ်ဆိုရင် နောင်နှစ် ၃၀ မှာ တန် ၁၅၀ တိုးလာမယ်။ ဒီအခါ ရှိနေရင်းထက် ပိုလာတဲ့ ၅၀ တန်ကို ထုတ်လုပ်နိုင်မယ်။ ဒီအတွက် ရှိတဲ့သစ်လည်း မပျောက်ဘူး။ ဒီလိုရည်ရွယ်ချက်နဲ့ ဒေသအစုအဖွဲ့ပိုင် သစ်တောစိုက်ခင်း တည်ထောင်ခွင့်ကို ဥပဒေနဲ့အညီ စိစစ်ပေးအပ်တာလည်း ဖြစ်ပါတယ်" ကလေးခရိုင် သစ်တောဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးအေးသန်းက ဆက်ပြီး ပြောပါတယ်။

မင်းကင်းနယ်အတွက် ယခု ၂၀၁၇ ခုနှစ်မှာ ကျေးရွာ ၈ ရွာကို အစုအဖွဲ့ပိုင် စိုက်ခင်း ဧကပေါင်း ၁၅၄၄ ဧကကျော် ပေးအပ်ထားခဲ့ပြီး စိုက်ပင်ပေါင်း နှစ်သိန်း သုံးသောင်းကျော်ကို လည်း မင်းကင်းသစ်တောဌာနက ထောက်ပံ့ထားခဲ့ပြီ ဖြစ်တယ်လို့ သိရပါတယ်။

သစ်တောနဲ့ သဘာဝပတ်ဝန်းကျင်ဟာ အဓိက ဆက်စပ်တဲ့အရာတွေဖြစ်ပြီး သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနဲ့ ပတ်သက်ပြီး မင်းကင်းနယ် သစ်တောဦးစီးမှူး ဦးချစ်သန်းထွန်းကလည်း ခုလို ပြောပါတယ်။

“ဒေသခံ အစုအဖွဲ့တွေအနေနဲ့ စိုက်ခင်းတွေအတွက် လိုအပ်တာတွေကိုလည်း ကျနော်တို့ သစ်တောက ကူညီပေးပါတယ်။ ကမ်းပါးတော့ ပြိုသွားပြီ သစ်တောတွေ ပြုန်းတီးနေပြီလို့ ပြောမယ့်အစား ကိုယ့်အသိစိတ်နဲ့ကိုယ် ကိုယ်တတ်နိုင်သလောက် တောတောင်တွေ ထူထောင်ဖို့ လိုအပ်ပါတယ်။ သဘာဝပတ်ဝန်းကျင်ဆိုတဲ့အထဲမှာ လေသဘာဝပတ်ဝန်းကျင် ရေသဘာဝပတ်ဝန်းကျင်နဲ့ မြေသဘာဝပတ်ဝန်းကျင်တွေ ရှိပါတယ်။ ဒါတွေ ပြန်လည်ပြုပြင် စောင့်ရှောက်ဖို့ ဆိုတဲ့အရာကတော့ သစ်ပင်စိုက်ခြင်း၊ စောင့်ရှောက်ခြင်း ပြုစုပေးခြင်းဟာ အကောင်းဆုံးပါပဲ။”

မင်းကင်းမြို့နယ် အနေနဲ့ အစုအဖွဲ့ပိုင် သစ်တောစိုက်ခင်းဧက ၂၀၁၄- ၁၅ ခုနှစ် ၁၇ ဧက၊ ၂၀၁၅-၁၆ ခုနှစ် ၃၆၄ ဒသမ ၅ ဧက၊ ၂၀၁၆-၁၇ ခုနှစ်အတွက် ၂၀၈၀ ဧက နဲ့ ယခုနှစ် ၂၀၁၇-၁၈ အတွက် ဧကပေါင်း ၁၅၄၄ ဧကကျော်ကို ပေးအပ်စိုက်ပျိုးနိုင်ခဲ့တယ်လို့ သိရပါတယ်။

သတင်း - မင်းရဲစစ်နိုင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013