မိတ္ထီလာ-ကျောက်ပန်းတောင်းလမ်းတွင် ကားနှင့်ဆိုင်ကယ်တိုက်၊ ကျောင်းသူ ၁ ဦး သေဆုံး
DVB
·
December 3, 2017

မိတ္ထီလာ-ကျောက်ပန်းတောင်းကားလမ်းမှာ မိုင်တိုင် ၂၀/၀ နဲ့ ၁ အကြားမှာ ဒီဇင်ဘာ ၂ ရက်မနက်ပိုင်းက တက္ကသိုလ်ကျောင်းသူနှစ်ဦး စီးလာတဲ့ ဆိုင်ကယ်နောက်ပိုင်းကို မှန်လုံတိုးကားကဝင်တိုက်မိလို့ ကျောင်းသူတဦး သေဆုံးခဲ့ပါတယ်။
ဖြစ်စဉ်မှာ မိတ္ထီလာ-ကျောက်ပန်းတောင်း ကားလမ်းမှာ တပ်တော်တပ်ကြပ်ကြီးစာရေး (နေပြည်တော်) အဝေးသင်စီးပွားရေးတက္ကသိုလ် ဒုတိယနှစ်ကျောင်းသူ မယဉ်မေဦး မောင်းပြီး အဝေးသင်မြန်မာစာ တတိယနှစ်ကျောင်းသူ မမျိုးဇင်ပိုင်တို့ စီးလာတဲ့ဆိုင်ကယ်ကို လားရာတူ ထွန်းထွန်း မောင်းလာတဲ့ မှန်လုံတိုးကားက အရှိန်မထိန်းနိုင်ဘဲ ဆိုင်ကယ်နောက်ပိုင်းကို တိုက်မိရာမှ မယဉ်မေဦး နေရာတင်သေဆုံးပြီး မမျိုးဇင်ပိုင် ဒဏ်ရာရတယ်လို့ ရှမ်းမငယ်ရွာရဲစခန်း စခန်းမှူးက ပြောပါတယ်။
“မယဉ်မေဦးမှာ နားနဲ့ နှာခေါင်းသွေးထွက်နေတယ်။ မျက်နှာစုတ်ပြဲဒဏ်ရာရတယ်။ အခင်းဖြစ်နေရာတင် သေဆုံးတယ်။ မမျိုးဇင်ပိုင်ကတော့ ယာပေါင်ကျိုးတယ်။ အပေါ်သွားတချောင်းကျိုးတယ်။ ဝဲချိုစောင်းပေါက်ပြီး နားပြတ်ဒဏ်ရာရတယ်။ မိတ္ထီလာဆေးရုံ ပို့ပေးရတယ်။ ကားသမားမောင်းပြေးသွားတယ်။ အမြန်ဆုံးဖမ်းမိဖို့ လုပ်နေတယ်” လို့ ပြောပါတယ်။
မိတ္ထီလာရှမ်းမငယ်ရဲစခန်းက ယာဉ်မောင်းထွန်းထွန်းကို ယာဉ်မဆင်မခြင် မောင်းနှင်လို့ လူသေဆုံးစေမှု ရာဇသတ်ကြီးပုဒ်မ ၃၀၄-က/၂၀၂ နဲ့ အမှုဖွင့်ထားပြီး ဖမ်းဆီးရမိရေးအတွက် စုံစမ်းစစ်ဆေးနေတယ်လို့ သိရပါတယ်။
သတင်း-မောင်မောင်လင်း(ဝမ်းတွင်း)