DVB Logo
Home
မြန်မာသတင်း
သတ်ပြီး မြေမြှုပ်ထားသည့် ထိုင်းရာဘာခြံရှင်အလောင်းတွေ့ရှိ၊ မြန်မာ ၂ ဦးကို သံသယရှိ
DVB
·
December 2, 2017
သတ်ပြီး မြေမြှုပ်ထားသည့် ထိုင်းရာဘာခြံရှင်အလောင်းတွေ့ရှိ၊ မြန်မာ ၂ ဦးကို သံသယရှိ
Donate to DVB

ထိုင်းနိုင်ငံ အနောက်မြောက်ပိုင်း ကန်ကျနပူရီခရိုင် ဆန်ခလပူရီမြို့နယ်ထဲမှာ ပျောက်ဆုံးနေတဲ့ ခြံပိုင်ရှင်တဦးကို ပြီးခဲ့တဲ့ နိုဝင်ဘာ ၃၀ ရက်နေ့က သူ့ခြံထဲမှာပဲ သတ်ဖြတ်ပြီး မြှုပ်နှံခံထားရတဲ့အလောင်း ပြန်လည်တွေ့ရှိခဲ့ပါတယ်။

ဆန်ခလပူရီမြို့နယ် နောင်လူးကျေးရွာအုပ်စု ဘန်ဝမ်ကရွာက ရာဘာခြံပိုင်ရှင် အသက် ၆၀ နှစ်ရွယ် နိုင်းတား ၀ုန်းဆာ ဆိုသူမှာ လွန်ခဲ့တဲ့ နိုဝင်ဘာ ၂၈ ရက်နေ့က ပျောက်ဆုံးနေပြီး  ၃၀ ရက်နေ့မနက်မှာ သားဖြစ်သူက ခြံရှင်းရင်း ဖခင်ရဲ့အလောင်းကို မြောင်းထဲကနေ တွေ့ရှိခဲ့တာပါ။

သားဖြစ်သူ နိုင်းဆလန်းက တာဝန်ရှိရဲတပ်ဖွဲ့ဝင်တွေကို ပြောပြရာမှာ လွန်ခဲ့တဲ့ ၂၈ ရက်နေ့က သူတို့ခြံထဲက မြန်မာအလုပ်သမား ၂ ဦးဟာ ခြံမှာသုံးဖို့ဝယ်ထားတဲ့ ဆိုင်ကယ်နဲ့ သူ့ဆီရောက်လာပြီး ဖခင်ဖြစ်သူက မိတ်ဆွေနဲ့အတူ မြန်မာပြည်ထဲမှာ အလုပ်သမားသွားရှာမှာမို့ ကားသော့ပေးခိုင်းလိုက်တဲ့အကြောင်း လာပြောတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် သူတို့စီးလာတဲ့ ဆိုင်ကယ်ဟာလည်း ဖခင်ထံကနေ ဘတ် ၅ ထောင်နဲ့ ၀ယ်လိုက်တဲ့ အကြောင်းပြောဆိုပြီး အဲဒီဆိုင်ကယ်နဲ့ ပြန်ထွက်သွားပါတယ်။

အဲဒီနောက်ပိုင်း ဖခင်ဖြစ်သူကို ဖုန်းအဆက်အသွယ်လုပ်လို့ မရတော့ကြောင်း၊ မြန်မာအလုပ်သမား ၂ ဦးလည်း ပျောက်ဆုံးနေတယ်လို့  နိုင်းဖလန်းက ရဲကိုပြောပါတယ်။

နိုဝင်ဘာ ၃၀ ရက်နေ့ မနက်ပိုင်းမှာတော့ သူဟာ ခြံရှင်းရင်း မြောင်းထဲမှာ ရေကြီးပါက အသုံးပြုဖို့ ထားထားတဲ့ လှေတစ်စီးကို နေရာရွှေ့လိုက်စဉ် လှေအောက်မှာ ပုံမှန်မဟုတ်တဲ့ မြေအနေအထားတွေ့လို့ အနည်းငယ်တူးဖော်ကြည့်ကြောင်း၊ အဲဒီခါမှာ ဖခင်ရဲ့ လက်တဘက် အရင်ပေါ်လာလို့ ရဲစခန်းကို အကြောင်းကြားခဲ့တာလို့ ဆိုပါတယ်။

ဆန်ခလပူရီရဲစခန်း စခန်းမှူး မာနစ် ဖွန်းဝါးနိချိုင်းက သေဆုံးသူရဲ့ လည်ပင်းနဲ့ ညာဘက်လက်မှာ ပြတ်လုနီးပါး ခုတ်ရာတဆက်တည်းပုံစံတွေ့ရှိရကြောင်း၊ အဆိုပါ ဒဏ်ရာတွေနဲ့ သေဆုံးသွားဟန်ရှိပြီး အလောင်းဖျောက်တဲ့အနေနဲ့ မြေမြှုပ်ထားတာဖြစ်ကြောင်း၊ တရားခံတွေကို ဖမ်းဆီးအရေးယူနိုင်ဖို့  အတတ်နိုင်ဆုံးကြိုးစားနေတယ်လို့ သတင်းထောက်ကို ပြောသွားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013