DVB Logo
Home
မြန်မာသတင်း
ဥက္ကံသကြားစက်ရုံ ပိတ်လိုက်၍ အလုပ်သမား ၂၅၀ ကျော် အလုပ်လက်မဲ့ အခြေအနေ ရင်ဆိုင်နေရ
DVB
·
December 1, 2017
ဥက္ကံသကြားစက်ရုံ ပိတ်လိုက်၍ အလုပ်သမား ၂၅၀ ကျော် အလုပ်လက်မဲ့ အခြေအနေ ရင်ဆိုင်နေရ
1 / 2
Donate to DVB

တိုက်ကြီးမြို့နယ်ရှိ ဥက္ကံသကြားစက်ရုံကို ပိတ်သိမ်းလိုက်ပြီး မြန်မာစီးပွားရေးဦးပိုင်ကုမ္ပဏီကို ပြန်လွှဲပြောင်းပေးလိုက်လို့ စက်ရုံဝန်ထမ်း ၂၅၀ ကျော် အလုပ်လက်မဲ့ အခြေအနေနဲ့ ရင်ဆိုင်ကြုံတွေ့နေရပါတယ်။

ဥက္ကံသကြားစက်ရုံကို မြန်မာစီးပွားရေး ဦးပိုင်ကုမ္ပဏီက ၂၀၁၃ ခုနှစ် နိုဝင်ဘာမှာ Goldeen Myan-Tai ကုမ္ပဏီကို ငှားရမ်းလုပ်ကိုင်စေခဲ့ပြီး ၂၀၁၇ နိုဝင်ဘာမှာတော့ မြန်မာစီးပွားရေးဦးပိုင်ကုမ္ပဏီကို ပြန်လည်လွှဲပြောင်းပေးခဲ့ပေမယ့် စက်ရုံဝန်ထမ်းတွေကို တရားဝင်လွှဲပြောင်းမပေးခဲ့လို့ ဝန်ထမ်း ၂၅၂ ဦး အလုပ်လက်မဲ့ အခြေအနေနဲ့ကြုံတွေ့နေရတယ်လို့ ဥက္ကံသကြားစက်ရုံဝန်ထမ်းတွေက ဒီဗွီဘီကို ပြောပါတယ်။

ဥက္ကံသကြားစက်ရုံ ဝန်ထမ်း မသိန်းအေးက“၂၀၁၃ ခုနှစ်က ဦးပိုင်ကနေ ကုမ္ပဏီကို ငှားရမ်းစဉ်က စက်ရုံရော ဝန်ထမ်းတွေ အကုန်လွှဲပြောင်းပြီး ဆက်လုပ်ခဲ့ရတယ်။ အခုကုမ္ပဏီက ဆက်မလုပ်နိုင်လို့ ဦးပိုင်ကို ပြန်လွှဲတော့ ကျမတို့ကို ဘယ်သူကမှ တာဝန်မယူဘူး။ ဦးပိုင်က အလုပ်လုပ်မယ်ဆို အလုပ်လျှောက်လွှာတင်ရမယ်၊ အချိန်ကလည်း ဒီဇင်ဘာ ၁ ရက်နေ့ကနေ ၅ ရက်နေ့အထိ စက်ရုံပိတ်ထားတယ်။ ဒီကြားထဲ လာလျှောက်တဲ့သူကို အလုပ်ခန့်မယ်၊ နောက်ပိုင်း တာဝန်မယူဘူး ပြောတယ်။ ကုမ္ပဏီက ကျမတို့ကို တရားဝင် အလုပ်ထုတ်တယ်လို့ လူကိုယ်တိုင်လည်း မပြောဘူး၊ စာလည်းမထုတ်ပေးတဲ့အတွက် ကျမတို့က ခုချိန်ထိ ကုမ္ပဏီဝန်ထမ်းတွေအဖြစ် အလုပ်လာဆင်းတာပါ” လို့ ပြောပါတယ်။”

အလုပ်သမားတွေဟာ ဒီနေ့အလုပ်ဆင်းဖို့ လာရောက်ခဲ့ကြပေမယ့် စက်ရုံထဲ အဝင်မခံလို့ ထိုင်စောင့်နေကြပါတယ်။

အလုပ်သမား ဒေါ်ဝင်းန္ဒာလှိုင်က “ကျမတို့ ဝန်ထမ်းတွေကို ကုမ္ပဏီက အလုပ်ရပ်ဆိုင်းတယ်ဆို တရားဝင်စာထုတ်ပေး၊ နစ်နာကြေးပေး၊ ဒါမှမဟုတ် ၂၀၁၃ ခုနှစ်က အပြောင်းအလဲ လုပ်သလို စက်ရုံနဲ့ ဝန်ထမ်းတွေကို တရားဝင်ပြောင်းလွှဲပေး၊ အခုတော့ အဲဒီလို မဟုတ်တဲ့အတွက် ကျမတို့ဝန်ထမ်းတွေ အလုပ်လက်မဲ့ဖြစ်အောင် လုပ်နေတယ်လို့ မြင်တယ်။ ဒီနေ့လယ် ၁ နာရီမှာ မြို့နယ်အထွေထွေအုပ်ချူပ်ရေးမှူးရုံးမှာ ကျမတို့ ဝန်ထမ်းတွေရယ်၊ ကုမ္ပဏီရယ်၊ ဦးပိုင်ရယ် တွေ့ဆုံညှိနှိုင်းပေးမယ်လို့ ပြောတယ်။ ထွက်လာတဲ့အဖြေပေါ်မှာ ကျမတို့ဘက်က ဆက်ပြီး လုပ်ဆောင်သွားမှာပါ။ ဒါပေမယ့် သူတို့ဘက်က အဖြေတိတိကျကျ မသိခင် အချိန်ထိ ကျမတို့က အလုပ်ဆက်ဆင်းနေဦးမှာပါ” လို့ ပြောပါတယ်။

ဒီကိစ္စ ဥက္ကံသကြားစက်ရုံ တာဝန်ရှိသူတဦးကို ဒီဗွီဘီက ဖုန်းနဲ့ ဆက်သွယ်ပြီး တွေ့ခွင့်တောင်းရာမှာ တွေ့ခွင့်မပေးနိုင်ကြောင်းနဲ့ အင်တာဗျူးလည်း မပေးနိုင်ကြောင်း ပြောဆိုခဲ့ပါတယ်။

ဥက္ကံသကြားစက်ရုံမှာ ၂၀၁၇ မတ်လက ဝန်ထမ်းတွေ လုပ်ခလစာ အပြည့်အဝ မရတာ၊ အချိန်ပိုကြေးမရတာနဲ့ ကုမ္ပဏီ အပြောင်းအလဲကြောင့် ဝန်ထမ်းတွေ နစ်နာကြေး မရရှိခဲ့တဲ့အပေါ် ဆန္ဒထုတ်ဖော်ခဲ့ကြပြီး အလုပ်သမားဝန်ကြီးဌာနက ဖြေရှင်းပေးလို့ ပြေလည်ခဲ့ပါတယ်။

သတင်း - မေသွယ်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013