
ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် ထွက်ပြေးသွားကြသူတွေကို ပြန်လည်လက်ခံဖို့ မြန်မာနိုင်ငံက ဒီဇင်ဘာ ဒုတိယပတ်လောက်မှာ အသင့်ဖြစ်မယ်လို့ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးမြင့်ကြိုင်က ပြောပါတယ်။
နိုင်ငံပိုင်သတင်းဌာနနဲ့ မေးမြန်းခန်းမှာ ပြောခဲ့တာဖြစ်ပြီး ခုချိန်အထိတော့ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ပေးပို့ထားတဲ့ လျှောက်လွှာတွေ ပြန်ရောက်မလာသေးဘူးလို့လည်း ပြောပါတယ်။
“မြန်မာနိုင်ငံအနေနဲ့ ဒီဇင်ဘာလ ဒုတိယပတ်လောက်ဆို အားလုံးပြီးသလောက် အခြေအနေဖြစ်ပြီမို့ လက်ခံဖို့ အသင့်ဖြစ်ပါပြီ။ တခုပဲရှိတယ်၊ သူတို့ဘက်က လျှောက်လွှာတွေ ခုချိန်ထိ ဒီဘက်ကို ပြန်မရောက်သေးပါဘူး။ ဓာတ်ပုံကပ်ထားပြီး ပြည့်ပြည့်စုံစုံဖြည့်ထားတဲ့ လျှောက်လွှာတွေ မြန်မြန် ပြန်လည်ရောက်လာဖို့ လိုပါတယ်။ ဒါတွေကို စစ်ဆေးပြီးတာနဲ့ ဒီဘက် စခန်းတွေကတော့ အချိန်နဲ့ တပြေးညီ လက်ခံပေးသွားမှာပါ။”
မြန်မာအစိုးရက ဘင်္ဂလားဒေ့ရှ်ဘက် ထွက်ပြေးသွားသူတွေ မြန်မာနိုင်ငံထဲ ပြန်လာချင်ရင် ဖြည့်ရမယ့် လျှောက်လွှာတွေ ပေးပို့ထားပြီး အဲဒီထဲမှာ မြန်မာပြည်မှာ နေထိုင်ခဲ့တဲ့ နေရပ်လိပ်စာ မိဘဆွေမျိုး စတာတွေကို ဖြည့်ရမှာ ဖြစ်ပါတယ်။
မြန်မာဘက်က ပြန်လည်လက်ခံတဲ့အခါမှာလည်း နိုင်ငံရဲ့ ကာကွယ်ရေးနဲ့ လုံခြုံရေး မထိခိုက်အောင် ၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေနဲ့ တိတိကျကျ စစ်ဆေးလက်ခံသွားမှာ ဖြစ်ပါတယ်။
ဘင်္ဂလားဒေ့ရှ်ဘက် ထွက်ပြေးသွားသူတွေကို ပြန်လည်လက်ခံဖို့ တောင်ပြိုလက်ဝဲနဲ့ ငါးခူရစိစစ်ရေး စခန်း ၂ ခု ပြုပြင်တည်ဆောက်နေပြီး ဒီဇင်ဘာလကုန်အပြီး တည်ဆောက်မှာ ဖြစ်ပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံကိုရောက်နေတဲ့ မြန်မာနိုင်ငံက ထွက်သွားတဲ့သူတွေကို ပြန်လည်လက်ခံဖို့အတွက် မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံသဘောတူစာချုပ် လက်မှတ်ထိုးပြီး ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ သြဂုတ်လ ရခိုင်ပြည်နယ် အကြမ်းဖက်ဖြစ်စဉ်အတွင်း မောင်တော၊ ဘူးသီးတောင်နဲ့ ရသေ့တောင်ဒေသက ဘင်္ဂါလီ ၆ သိန်းလောက် ဘင်္ဂလားဒေ့ရှ် ထွက်ပြေးသွားကြတယ်လို့ ကုလသမဂ္ဂက ထုတ်ပြန်ထားပါတယ်။











