DVB Logo
Home
မြန်မာသတင်း
မြင်းခြံ မြို့မ​ဈေး ဈေးဆိုင်​​ခန်းများ ပြန်​ပြုပြင်​မည့်အ​ပေါ် ကျေနပ်​မှုမရှိ
DVB
·
December 1, 2017
မြင်းခြံ မြို့မ​ဈေး ဈေးဆိုင်​​ခန်းများ ပြန်​ပြုပြင်​မည့်အ​ပေါ် ကျေနပ်​မှုမရှိ
Donate to DVB

မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့ရှိ မြို့မဈေးကြီးရဲ့ အပြင်ဈေးဆိုင်တိုက်ခန်း ဆိုင်ခန်းတွေကို အန္တရာယ်ရှိ အဆောက်အဦ ဈေးဆိုင်ခန်းတွေအဖြစ် သတ်မှတ်ပြီး မြင်းခြံမြို့နယ် စည်ပင်သာယာမှ ပြန်လည်ပြုပြင်သွားမယ့်အပေါ်မှာ ဈေးသူဈေးသားတွေက မကျေနပ်ကြဘူးလို့ နိုဝင်ဘာ ၃၀ ရက်နေ့က သိရပါတယ်။

၂၀၁၇ စက်တင်ဘာ ၁၅ ရက်နေ့က မြို့မဈေးတိုက်ခန်း၊ ဆိုင်ခန်းအမှတ် ၃၂ မှာ မျက်နှာကြက် ပြိုကျခဲ့တာနဲ့ပတ်သက်ပြီး မြင်းခြံမြို့နယ် စည်ပင်သာယာရေးကော်မတီနဲ့ ဈေးအကျိုးတော်ဆောင်အဖွဲ့တို့က ဈေးဆိုင်ခန်းတွေရဲ့ ကြံ့ခိုင်မှုစစ်ဆေးခဲ့ရာ ဈေးဆိုင်ခန်း အဆောက်အဦ သက်တမ်းမှာ နှစ်ပေါင်း ၆၀ ကျော် ကြာပြီဖြစ်တဲ့အတွက် စည်ပင်သာယာရေး ကော်မတီကနေ အန္တရာယ်ရှိ အဆောက်အဦအဖြစ် သတ်မှတ်လိုက်တာလည်း ဖြစ်ပါတယ်။

မြင်းခြံ မြို့မဈေးရဲ့ ဈေးခေါင်းလေးဖြစ်တဲ့ ကိုရင်ထွေး က “ဈေးကြီးရဲ့ အပြင်ဘက် ဈေးဆိုင်တိုက်ခန်းပေါင်း ၁၂၉ ခန်း ရှိပါတယ်။ ဒီဈေးဆိုင်ခန်းတွေကို အန္တရာယ်ရှိ အဆောက်အဦအဖြစ် သတ်မှတ်ထားပြီးပါပြီ။ အားလုံးကို အသစ်ဆောက်သွားမှာပါ။ ဈေးနှုန်းက ဘယ်လောက် ဖြစ်မယ်ဆိုတာတော့ တွက်ချက်နေတုန်းပါပဲ။ ဈေးသည်တွေရဲ့ ဆန္ဒနဲ့ သက်သာတဲ့ ဈေးနှုန်းဖြစ်အောင် စီစဉ်သွားမှာပါ။ ၂၀၁၈ လောက်ထဲရောက်မှ ပြင်ဆင်သွားဖို့ ဖြစ်နိုင်ပါတယ်”လို့ ပြောပါတယ်။

မြို့နယ်စည်ပင်သာယာရေးကော်မတီက အန္တရာယ်ရှိ အဆောက်အဦအဖြစ် သတ်မှတ်ထားပေမယ့် လက်ရှိ ဈေးရောင်းချနေသူအများစုက ပြန်လည်ပြုပြင်ဖို့ ဆန္ဒမရှိဘဲ ပြိုကျခဲ့တဲ့ ဆိုင်ခန်းတခန်းကိုသာ ပြန်လည် ပြုပြင်ပေးစေချင်ကြတာပါ။

အပြင်ဘက်ဈေးတိုက်ခန်း ဆိုင်ခန်းမှာ ရွှေဆိုင်ဖွင့်လှစ်ရောင်းချသူ ဦးသန်းစိုးက “ဒီဈေးဆိုင် တိုက်ခန်းတွေ မဖျက်ချင်ဘူး၊ ဖျက်စရာအကြောင်းလည်း မရှိဘူးလေ။ ခု ပျက်စီးနေတာက ဆိုင်ခန်း တခန်းတည်း။ အဲဒီဆိုင်ခန်းက ထောင့်ခန်းဖြစ်တဲ့အတွက် မိုးရေဝပ်လို့ ပျက်စီးတာပါ၊ ပျက်စီးတဲ့ ဆိုင်ခန်းကိုပဲ ပြင်စေချင်တာက ဈေးသူဈေးသားတွေရဲ့ ဆန္ဒပါ။ ခုဟာက အဲလိုမဟုတ်ဘဲ ဈေးပတ်ပတ်လည်မှာရှိတဲ့ ဆိုင်ခန်း ၁၂၉ ခန်းလုံး ဖျက်ပြီး အသစ်ဆောက်မယ် ဆိုတာတော့ ဈေးသူဈေးသားတွေအနေနဲ့ မကြိုက်ကြဘူးပေါ့။ ပြီးတော့ အသစ်ဆောက်တော့လည်း ဈေးသူဈေးသားတွေက ကိုယ့်ငွေနဲ့ကိုယ် ပေးချေရမှာလေ။ ပြီးတော့ ဈေးနှုန်းကလည်း သိန်း ၃၀ အထက်လောက်ဖြစ်ဖို့ များနေတာ ဆိုတော့ ခုလို ပြင်ဆင်မယ်ဆိုတာ ဘယ်သူမှ မကြိုက်ကြပါဘူး။ ၂၀၁၅ တုန်းကလည်း ဈေးအနောက်ဘက် ဆိုင်ခန်း ခုလိုမျိုး ပြုတ်ကျဖူးတယ်။ အဲဒီတုန်းကလည်း စည်ပင်က ခွင့်ပြုချက်ယူပြီး ပြင်ဆင်လိုက်တာ ပြီးသွားတာပဲ။ ပြီးတော့ ဈေးဆိုင်ခန်းတွေ ဖျက်မယ်ဆိုရင်လည်း ဈေးသည်တွေ ပြန်လည်ရောင်းချဖို့ နေရာ စီစဉ်ပေးထားတာမျိုးလည်း မရှိဘူး။ ခုဟာက အန္တရာယ်ရှိ အဆောက်အဦအဖြစ် သတ်မှတ်ပြီး အားလုံး ဆိုင်ခန်းတွေ ဖျက်မယ်ဆိုတော့ လက်မခံနိုင်ပါဘူး။ နောက်ပြီး ဈေးသူဈေးသားတွေရဲ့ ဆန္ဒနဲ့ မကိုက်ညီဘူး ဆိုရင်တော့ အစိုးရ သိအောင် ဆန္ဒပြ တောင်းဆိုသွားမှာဖြစ်တယ်။”

လက်ရှိ အဟောင်းဖျက်သိမ်းမှု ပြုပြင်အစားထိုးမှု လုပ်ငန်းကိစ္စများအတွက် အနီးစပ်ဆုံး ကုန်ကျစရိတ်တို့ကို တာဝန်ခံအဖွဲ့တွေက တွက်ချက်တင်ပြဖို့ လိုအပ်ပြီး ဈေးသူဈေးသားတွေရဲ့ သဘောဆန္ဒတွေလည်း ရယူသွားရမှာ ဖြစ်ပါတယ်။

မြင်းခြံ စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ ဒေါက်တာဝင့်သူက “ဈေးဆိုင်တိုက်ခန်းတွေ ပြန်လည် ပြုပြင်သွားမှာ ဟုတ်ပါတယ်။ ကျနော်တို့ဌာနမှာ အင်ဂျင်နီယာတွေ ရှိပါတယ်၊ EE-AE-SAE တို့ ရှိကြတယ်။ သူတို့အဖွဲ့က ဒီအဆောက်အဦကို အန္တရာယ်ရှိတဲ့ အဆောက်အဦအဖြစ် သတ်မှတ်လိုက်ပါပြီ။ ဒါပေမယ့် ဈေးသူဈေးသားတွေကလည်း ပြန်ပြီး အကြီးစား ပြင်ဆင်နေချင်ကြတယ်။ ပြင်မယ်ဆိုရင်တော့ လိုင်စင်ရ အင်ဂျင်နီယာတွေ ဖြစ်ရပါမယ်။ သူတို့ဘက်ကို လိုင်စင်ရ အာမခံတဲ့ အင်ဂျင်နီယာကို တောင်းလိုက်ပါတယ်။ သူတို့ဘက်က အဲဒါကို တင်ပြမလာနိုင်ဘူး။ တာဝန်ခံမယ့် အင်ဂျင်နီယာမရှိဘူး။ ကျနော်တို့ဘက်က ယေဘုယျအားဖြင့်တော့ ဒီဈေးကြီးကို ပြန်ပြီးဖျက် ပြန်ဆောက်ဖို့ သဘောတူထားပြီးပါပြီ။ တိုင်းဒေသကြီးအထိ တင်ထားပြီး တိုင်းကနေ ဝန်ကြီးတွေပါတဲ့ အဖွဲ့တွေက ဆုံးဖြတ်ပေးပါလိမ့်မယ်။ ဆုံးဖြတ်ပြီးရင်တော့ ကျနော်တို့က ပြန်ပြီးဆောက်လို့ရှိရင် ကျနော်တို့ရဲ့ စည်းမျဉ်းစည်းကမ်းအတိုင်း လေလံတင်သွားမှာပါ။ လေလံကိုလည်း ဒီဈေးအဖွဲ့ကနေ ဝင်ဆွဲလို့ သူတို့သည် အနိမ့်ဆုံးလို့ ပြောပေမယ့်လည်း၊ သူတို့ထက် အနိမ့်ဆုံး ဆွဲမယ့် ကုမ္ပဏီရှိတယ် ဆိုရင်လည်း ဈေးသက်သာတာပေါ့။ ခုက တိုင်းကို တင်ထားတုန်းပဲ ရှိသေးတယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။

မြို့မ စည်ပင်သာယာဈေးကြီးမှာ အတွင်းဈေးဆိုင်ခန်းပေါင်း ၁၉၂၂ ခန်းရှိပြီး ပျံကျဈေးသည် ၅၀ ကျော်နဲ့ အပြင်ဈေးဆိုင်တိုက်ခန်း ၁၂၉ ခန်းရှိကာ စံပြဈေး၊ အေးမြသီတာဈေး၊ မြို့မဈေး ဆိုပြီး ဈေး ၃ ဈေး ရှိတာလည်း ဖြစ်ပါတယ်။

သတင်း - ရီရီထွန်း(မြင်းခြံ)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013