DVB Logo
Home
မြန်မာသတင်း
တရုတ်ပုဆိုးများ ဝင်ရောက်လာ၍ ဝမ်းတွင်း ရက်ကန်းပိုင်ရှင်များ စိုးရိမ်
DVB
·
December 1, 2017
တရုတ်ပုဆိုးများ ဝင်ရောက်လာ၍ ဝမ်းတွင်း ရက်ကန်းပိုင်ရှင်များ စိုးရိမ်
Donate to DVB

မန္တလေးတိုင်းဒေသကြီး ဝမ်းတွင်းမြို့နယ်က ရက်လုပ်တဲ့ အမျိုးသားဝတ်ပုဆိုး ဒီဇိုင်းအတိုင်း တရုတ်နိုင်ငံဘက်က တင်သွင်းလာတာကြောင့် ဝမ်းတွင်းချည်ထည်လုပ်ငန်း ရပ်ဆိုင်းသွားမှာနဲ့ အလုပ်ရှင် အလုပ်သမားတွေ စားဝတ်နေရေး ခက်ခဲမှာ စိုးရိမ်နေကြပါတယ်။

ထီးလှိုင်ရွာ ရက်ကန်းလုပ်သူ ကိုထွန်းအောင်ကျော်က "တရုတ်စောင်တွေ ဈေးကွက်ထဲ ရောက်လာလို့ နိုင်ငံတွင်းက စောင်လုပ်ကန်းတွေ ပျက်စီးသွားတယ်။ ရိုးရာစောင် ချည်ထည် အစစ်စောင်တွေ ပျောက်သွားတယ်။ အခုလည်း ဝမ်းတွင်းဖြစ် ချည်ထည်အစစ်ပုဆိုးပျောက်မှာ စိုးရိမ်တယ်" လို့ ပြောပါတယ်။

ခုနှစ်စဉ်ကြယ်စက်ရုံပိုင်ရှင် ကိုလှဘူးက "ကျနော်တို့ရောင်းတဲ့ ဈေးနဲ့သိပ်မကွာဘူး။ ကျနော်တို့က လက်ကားဈေး ၂၄၀၀ လောက်ရှိတယ်၊ တရုတ်ပုဆိုးလည်း အဲလောက်ပဲ အရင်က။ တရုတ်ဘက်က ချည်တို့၊ ဆေးတို့ ဝယ်သုံးရတယ်။ အခုတော့ တရုတ်ထက်ပိုကောင်းတဲ့ အိန္ဒိယဘက်က ဝယ်သုံးတယ်။ အဲဒီချည်တွေကို အချောရက်ပြီး ဒီဘက်ကို ပြန်သွင်းတာဖြစ်မယ်။ တရုတ်ပုဆိုးတွေကြောင့် ဝမ်းတွင်းရက်ကန်းတွေ ရပ်သွားရင် ဒုက္ခများကုန်မယ်" လို့ ပြောပါတယ်။

မန္တလေးဈေးချို မန်ယူအထည်ဆိုင်ပိုင်ရှင် ဦးမြင့်သိန်းက "ပုဆိုးအဆင်တွေက တူနေတယ်။ နိုင်လွန်ချည်တွေပါတယ်၊ လျှော်လိုက်ရင် ၂ လက်မလောက်ကျုံ့သွားတယ်။ အရည်အသွေးကတော့ ဝမ်းတွင်းအထည်ကို မမီသေးဘူး။ ဒီအတိုင်းဆို ဝမ်းတွင်းပုဆိုးက အားသာတယ်" လို့ ပြောပါတယ်။

တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးစိုးမင်းထက်က "တရုတ်ပုဆိုးတွေ ဝင်လာတယ်လို့ ကြားတယ်။ ဝမ်းတွင်းစက် ရက်ကန်းလုပ်ငန်း မပျက်စီးအောင် ကာကွယ်ပေးမှာပါ။ လွှတ်တော်နဲ့အစိုးရကိုလည်း တင်ပြပေးမယ်" လို့ ပြောပါတယ်။

ယခင်ကလည်း တရုတ်ပုဆိုးတွေ မြန်မာပြည်တွင်းဈေးကွက်ထဲ ဝင်ဖူးပြီး အခုလို တံဆိပ်မပါပဲ ဝင်လာတယ်။ အခုဝင်လာတာ တရုတ်နိုင်ငံလုပ် Good horse တံဆိပ်အမည်နဲ့ မြင်းဦးခေါင်းပုံတံဆိပ် ရိုက်နှိပ်ထားပါတယ်။ အဆင့်မြင့်ချည်ချောလုံချည် ဆေးခိုင်အာမခံ အနံကြီးကွင်းကျယ်ဆိုပြီး မြန်မာဘာသာရေးထားပြီး အင်္ဂလိပ်လို တရုတ်နိုင်ငံတွင်လုပ်သည် ရေးထားတယ်လို့သိရပါတယ်။

ဝမ်းတွင်းမြို့နယ်အတွင်းမှာ ရက်ကန်းစင်ပေါင်း သုံးသောင်းလောက်ရှိပြီး အလုပ်သမား ၉ သောင်းလောက် အလုပ်လုပ်ကိုင်နေကြတယ်လို့ သိရပါတယ်။

သတင်း-မောင်မောင်လင်း(ဝမ်းတွင်း)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013