DVB Logo
Home
မြန်မာသတင်း
ဖြူးမြို့နယ်အတွင်း၌ တပ်ပိုင်မြေဟုဆိုကာ စစ်တပ်က ဝင်ရောက်ထွန်ယက်
DVB
·
November 30, 2017
ဖြူးမြို့နယ်အတွင်း၌ တပ်ပိုင်မြေဟုဆိုကာ စစ်တပ်က ဝင်ရောက်ထွန်ယက်
Donate to DVB

ပဲခူးတိုင်း ဖြူးမြို့နယ်အတွင်း လက်ရှိ တောင်သူတွေလုပ်ကိုင်နေတဲ့ လယ်ယာမြေထဲမှာ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်က တပ်ပိုင်မြေဟု ဆိုကာ နိုဝင်ဘာ ၃၀ ရက်နေ့ မနက်ပိုင်းက လယ်ထွန်စက်နဲ့ ဝင်ရောက်ထွန်ယက်ခဲ့ပါတယ်။

တောင်သူ ၄၈ ဦး ပိုင်ဆိုင်တဲ့ မြေဧက ၂၅၀  ကျော်ထဲမှာပါတဲ့ အကွက်တွေကို စတင်ထွန်ယက်တာလို့ ဒေသခံတောင်သူတွေကပြောပါတယ်။

အခုလက်ရှိ ဖြစ်ပွားတဲ့ လယ်ယာမြေဟာ ကွင်းအမှတ် (၈၀၉) ကျီးမနိုးကွင်း (၃) ဟာ တောင်သူတွေရဲ့ မူလလက်ငုတ်မြေနေရာဖြစ်ပြီး ယာယီလယ်မြေလုပ်ပိုင်ခွင့်ပုံစံ (၃)လည်း ရှိထားတဲ့နေရာ ဖြစ်တယ်လို့ တောင်သူဒေါ်ခင်ဝင်းကပြောပါတယ်။

“ကျမတို့ ဒီနေရာကို ကိုယ်တိုင် ငုတ်တူးပြီး ၉၅/၉၆ ခုနှစ်လောက်ကတည်းက လုပ်လာတာ ၂၀၁၂ မှာ တပ်က သိမ်းတယ်ဆိုပြီး ကျမတို့ စိုက်ထားတဲ့ ပဲတွေကိုလည်း စက်နဲ့ထိုးပစ်တယ်။ ဘီဘီစီနဲ့ အင်တာဗျူးလို့လည်း ထောင်ကျခဲ့ဖူးတယ်။ အခုလက်ရှိမှာ ကျမတို့ပုံစံ (၃) လည်း ရထားပြီးပြီ။ အဲဒါကို သူတို့တပ်ပိုင်ပါ ဆိုပြီး ဝင်ထွန်တာ၊ လာထွန်တာက တောင်ပိုင်းတိုင်း စစ်ဌာနချုပ်က လုံခြုံရေး ယူပေးတာက ခမရ (၄၃၉) က။ ဒီမနက် စကားများကြတော့ သေနတ်နဲ့ ပစ်မယ်ပါ ကြိမ်းတယ်။ ကျမတို့မှာ ကျောင်းသားတွေလည်း ကျောင်းမတက်ရ။ ထောင်တွေ ကျနဲ့ ဘဝတွေ ပျက်ခဲ့ပြီးပြီ။”

အဆိုပါကိစ္စနဲ့ ရောက်ရှိလာတဲ့ တပ်မတော်ဘက်က တာဝန်ရှိသူတွေကို ဒီဗွီဘီက မေးမြန်းခဲ့ပေမယ့် ဖြေကြားဖို့ ငြင်းဆန်ခဲ့ပြီး ဓာတ်ပုံနဲ့ ဗွီဒီယိုရိုက်ကူးမှုကိုလည်း ပိတ်ပင်ခဲ့ပါတယ်။

ဖြူးမြို့နယ် လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနကို ဒီဗွီဘီက ဆက်သွယ်မေးမြန်းရာ “ကျနော်တို့က လက်ရှိ တောင်သူတွေက တင်ပြလာမှသာ အပိုင်မြေတိုင်းစာရေးနဲ့ ကွင်းဆင်းပြီးတော့ ဘယ်သူပိုင်တယ်ဆိုတာ ပြောလို့ရမယ်။ အခုက ဘယ်သူကမှလည်း မတင်ပြထားတော့ ဘယ်နေရာက ဘယ်သူပိုင်တယ်ဆိုတာ ပြောလို့ မရသေးပါဘူး”လို့ ပြန်လည်ဖြေဆိုခဲ့ပါတယ်။

အခုအငြင်းပွားနေတဲ့ မြေနေမှာ စုစုပေါင်းဧက ၂၅၀ ကျော်ရှိပြီး ၂၀၁၂ ခုနှစ်မှာ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်က သိမ်းယူခဲ့ကာ ဖြူးမြို့နယ် မြေစာရင်းဦးစီးဌာနမှပုံစံ (၃) ယာယီလယ်ယာမြေလုပ်ပိုင်ခွင့်လက်မှတ် ထုတ်ပေးထားပေမယ့် တပ်က သိမ်းယူထားတဲ့ ဧက ၁၇၀ အတွင်း ပါရှိနေတာကြောင့် ဒီကိစ္စကို ပဲခူးတိုင်းဝန်ကြီးချုပ်ထံ တောင်သူတွေက တင်ပြထားပါတယ်။

သတင်း - ကျော်အောင်(ကညွတ်ကွင်း)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013