DVB Logo
Home
Lead Story
ပေးကမ်းခြင်းသည် အောင်မြင်နေတုန်းပဲလား
DVB
·
November 30, 2017
ပေးကမ်းခြင်းသည် အောင်မြင်နေတုန်းပဲလား
Donate to DVB

ပေးကမ်းခြင်းသည် အောင်မြင်ရာ၏ဟု ဆိုရိုးစကားတခု ရှိသည်။ ဆရာနှင့် တပည့်၊ မိဘနှင့် သားသမီး၊ ညီအစ်ကို မောင်နှမ စသည့် မိတ်ဆွေအချင်းချင်း၊ မိသားစုဆွေမျိုး အချင်းချင်း တဦးကိုတဦး ချစ်စကိုရှည်စေရန်အတွက် လက်ဆောင်ပစ္စည်းများ ပေးပို့ခြင်းတို့သည် ချစ်ခင်ကြင်နာမှုတို့၏ သင်္ကေတဖြစ်သည်။ ချစ်စရာဓလေ့တခုလည်း ဖြစ်သည်။ သို့သော် ယင်းနယ်ပယ်မှ ကျော်လွန်လာသည့်အခါ ပေးကမ်းခြင်းသည် တခြားကိစ္စရပ်များအတွက်လည်း မရှိမဖြစ် လိုအပ်လာသော အရာတခု ဖြစ်လာသည်။

မြန်မာ့နိုင်ငံရေးတွင် လာဘ်စားမှုများလာခြင်းများ၊ အကျင့်ပျက်ဝန်ထမ်းများ တိုးပွားလာခဲ့ခြင်းများ၏ အဓိကသော့ချက်များထဲတွင် ပေးကမ်းခြင်းနှင့် အောင်မြင်မှု ရယူခဲ့သော လူတချို့နှင့် ၎င်းတို့၏ ပေးကမ်းမှုကို ကြည်ကြည်ဖြူဖြူနှင့် လက်ခံခဲ့ကြသော သူတို့ကြောင့်ဟု ဆိုနိုင်သည်။ နိုင်ငံတကာ ဖြစ်ရပ်များကို ကြည့်လိုက်လျှင်လည်း လက်သိပ်ထိုး ပေးကမ်းမှုများသည် အကျင့်ပျက် ဝန်ထမ်းများကို မွေးဖွားလာစေသည့် အကြောင်းရင်းများ ဖြစ်သည်။

ကျောင်းဆရာ၊ ဆရာဝန်၊ ရဲဝန်ထမ်း၊ တပ်မတော်သား၊ ရှေ့နေ၊ တရားသူကြီး အစရှိသည့် ပရော်ဖက်ရှင်နယ်လုပ်ငန်းကို ဂုဏ်သိက္ခာရှိစွာ လုပ်ကိုင်သူတို့သည် တချိန်တည်းတွင် လူမှုသောကများ၊ လူမှုဒုက္ခများကိုပါ တာဝန်ယူ ဖြေရှင်းလာရသည့် အချိန်များရှိသည်။ ယင်းကဲ့သို့ ဆက်စပ်လာသည့်အခါ ကိုယ်ခံအားမကောင်းသော ပုဂ္ဂိုလ်များသည် ပေးကမ်းခြင်းနှင့် ကြုံတွေ့လာလျှင် မိမိ၏ ကျင့်ဝတ်များကို သွေဖည်လာကြတော့သည်။ ယင်းကဲ့သို့ သွေဖည်လာမှုများကြောင့်လည်း လာဘ်စားသော တရားသူကြီးများ၊ လာဘ်စားသော ရဲဝန်ထမ်းများ၊ မူးယစ်မှုနှင့်ဆက်စပ်သော တပ်မတော်သားတချို့၊ ကျူရှင်ပြဿနာတက်သည့် ပြဿနာ၊ ကျောင်းတွင်း ခွဲခြားဆက်ဆံသော ဆရာ၊ ဆရာမ အစရှိသဖြင့် မိမိ၏ ပင်ရင်းအလုပ်နှင့် မဆက်စပ်သော ကိစ္စရပ်များ ပေါ်ပေါက်လာကြတော့သည်။

ယခုဆိုလျှင် ဦးသိန်းစိန် အစိုးရလက်ထက်မှသည် ဒေါ်အောင်ဆန်းစုကြည် အစိုးရ လက်ထက်အတွင်း လွှတ်တော်ကိုယ်စားလှယ်များ၊ ဝန်ကြီးများ အစရှိသဖြင့် ရှိလာကြရသည်။ တနည်းအားဖြင့် ပြည်သူအတွက် အမြင့်ဆုံးသော အနေအထားများကို တင်ပြရသော၊ ဥပဒေပြုရသော ပရော်ဖက်ရှင်နယ် လုပ်ငန်းတာဝန်များကို ထမ်းဆောင်ရသောသူများလည်း ဖြစ်သည်။

သို့သော် အဆိုပါတာဝန်ကို ထမ်းဆောင်နေသောသူများ အနေဖြင့် မိမိ၏ ဂုဏ်သိက္ခာကို ထည့်မတွက်ဘဲ ပေးကမ်းခံရခြင်းတွင် ကျဆုံးခဲ့သည့် သာဓကတချို့လည်း ရှိလာသည်။ လုပ်သည့်အလုပ်က ပြည်သူ့ကိုယ်စားပြု လုပ်ငန်းတာဝန်များ၊ ပေးကမ်းလာသည့်အတွက် တစုံတဦး၊ တစုတဖွဲ့၏ ကြိုးဆွဲခံရသော ရုပ်သေးရုပ်များ ဖြစ်လာလျှင် အဆိုပါကိစ္စရပ်များ ဟိုးလေးတကျော် မဖြစ်ခင်အထိ စုံစမ်းစစ်ဆေး အရေးယူမှုများ မရှိခင်အထိတော့ တိုင်းပြည်နစ်နာပါသည်။ ပေးကမ်းခြင်းနှင့် အောင်မြင်မှု ရယူခဲ့ပြီး တိုင်းပြည်ကို ဖျက်ဆီးမှုများကို လေ့လာကြည့်လျှင် နေရာတိုင်းလိုလိုမှာ တွေ့နိုင်ပါသည်။

၂၀၁၆ ခုနှစ်အကုန်အထိ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်သို့ တိုင်ကြားခဲ့သည့်စာများမှာ အစောင် ၂၆၀၀ ကျော် ရှိခဲ့သည်ဟု သိရသည်။ အဆိုပါတိုင်ကြားမှုများထက် တိုင်ကြားရန်လည်း မသိ၊ လမ်းစပျောက်နေသော သိသိကြီးနှင့် အမှုထပ်ပွားမှာကို စိုးရိမ်ပြီး ငြိမ်နေသည့် ကိစ္စရပ်များစွာလည်း ရှိနေဦးမည်ဖြစ်သည်။ အဆိုပါ တိုင်ကြားချက်များထဲမှာ မြေယာကိစ္စတိုင်ကြားစာ ၄၁၉ စောင်၊ စီမံခန့်ခွဲရေး၊ အုပ်ချုပ်ရေးဆိုင်ရာ လွဲမှားစွာ ဆောင်ရွက်ခြင်း တိုင်စာ ၅၄၁ စောင်၊ တရားစီရင်ရေးနှင့် သက်ဆိုင်သည့်ကိစ္စ တိုင်ကြားစာ ၃၂၃ စောင်နှင့် ဌာနဆိုင်ရာ ကိစ္စရပ်အတွက် တိုင်ကြားစာမှာ ၇၆၄ စောင်ဆိုပြီး အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်မှ ထုတ်ပြန်ချက်အရ သိရသည်။

ယင်းကဲ့သို့ တိုင်ကြားချက်များကို ကြည့်လိုက်လျှင် ပေးကမ်းခြင်းနှင့် လိုအပ်သော ကိစ္စရပ်များကို ဆောင်ရွက်ခဲ့သူတို့၏ အကျိုးဆက်ကို ခန့်မှန်းကြည့်နိုင်သည်။ သို့သော် ပေးကမ်းခြင်းနှင့် ညှိယူသော ကိစ္စရပ်များမှာ ယခုထိလည်း ကြိုကြားကြိုကြား ရှိနေဆဲသာ ဖြစ်ကြောင်းကို ၂၀၁၆ နောက်ပိုင်း ဖြစ်ပေါ်လာသော တိုင်ကြားမှုများ၊ အရေးယူခံရမှုများကို ကြည့်၍ သိနိုင်သည်။

သဘာဝသယံဇာတများ ရှားပါးလာမှု၊ မြေယာပြဿနာများ တိုးပွားလာမှု၊ သစ်တောများ ပြုန်းတီးလာမှုတို့၏ နောက်ကွယ်တွင်လည်း ပေးကမ်းမှုနှင့် အပေးအယူ လုပ်ခဲ့ကြသော ဖြစ်ရပ်များက ရှိနေခဲ့သည်သာ ဖြစ်သည်။ သာမန်လူတဦး၏ အခွင့်အာဏာဖြင့် သစ်တောတတော မဆိုထားနှင့်၊ သစ်လုံးဆယ်လုံးတောင် မခုတ်ပိုင်းနိုင်သော်လည်း ပရော်ဖက်ရှင်နယ် လုပ်ငန်းတာဝန်ကို ထမ်းဆောင်နေသူ ဝန်ထမ်းတဦး၊ (တနည်းအားဖြင့်) လေးစားဂုဏ်ယူဖွယ်ကောင်းသော ကျင့်ဝတ်တရားကို ထိန်းသိမ်းပြီး ရာထူးကြီးကြီး လုပ်ပိုင်ခွင့်ရှိသူများကို ပေးကမ်းလိုက်သည့်အခါတွင် လိုချင်သော သစ်တန်ပေါင်း များစွာကိုလည်း ထုတ်ယူနိုင်လေတော့သည်။

၂၀၁၇ မေလ ၂၅ ရက်နေ့က နေပြည်တော် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာနတွင် ပုဂ္ဂလိက သစ်တောစိုက်ခင်းများ ဖွံ့ဖြိုးတိုးတက်ရေး အလုပ်ရုံဆွေးနွေးပွဲတွင် သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန် ဦးခင်မောင်ရီက မြန်မာနိုင်ငံ၏ သစ်တောပြုန်းတီးမှုမှာ ၂၅ နှစ်အတွင်း နှစ်စဉ် ပျမ်းမျှ (ဟက်တာ လေးသိန်းကျော်) ဧက ကိုးသိန်းရှစ်သောင်းကျော် ရှိနေကြောင်း ပြောကြားခဲ့ကြောင်း ၂၆-၅-၂၀၁၇ နေ့ထုတ် Daily Eleeven သတင်းတပုဒ်တွင် ဖော်ပြထားသည်ကို တွေ့ရသည်။

မြန်မာနိုင်ငံ ဧရိယာ၏ ၄၃ ဒသမ ၉၂ ရာခိုင်နှုန်းမှာ သစ်တော ဖုံးလွှမ်းလျက်ရှိသော်လည်း ခရိုင်သစ်တော စီမံအုပ်ချုပ်လုပ်ကိုင်မှု စီမံကိန်းအရ သစ်ထုတ်ယူနိုင်သည့် နှစ်စဉ် တောထွက်ပမာဏအနေဖြင့် ကျွန်း ၁၉၂၁၀ ပင်၊ သစ်မာ ၅၉၂၃၃၀ ပင်သာ ထုတ်လုပ်နိုင်စွမ်းရှိကြောင်း၊ သစ်တောပြုန်းတီးမှုနှင့် သစ်တော အတန်းအစား ကျဆင်းမှု ပမာဏသည်လည်း ၂၀၁၀ ပြည့်နှစ်မှ ၂၀၁၅ ခုနှစ်အတွင်း နှစ်စဉ် ၁ ဒသမ ၇ ရာခိုင်နှုန်းရှိခဲ့ပြီး ကမ္ဘာ့သစ်တောပြုန်းတီးမှုနှုန်း တတိယအများဆုံးနိုင်ငံ ဖြစ်လာကြောင်း သိရသည်ဟု အဆိုပါသတင်းတွင် ဖော်ပြထားသည်ကို တွေ့ရသည်။

အဆိုပါကိစ္စရပ်များကို လေ့လာကြည့်လျှင် နိုင်ငံတော်ကို စောင့်ရှောက်သော ကာကွယ်ရေး တပ်မတော်များ၊ ရဲဝန်ထမ်းများ၊ သစ်တောဌာနများ အစရှိသဖြင့် ကာကွယ်စောင့်ရှောက်နေကြသည့်ကြားက သစ်တောများ အဆမတန် ပြုန်းတီးမှုသည် အဆိုပါသစ်တောထဲကို ပြီးစလွယ် ဝင်ခုတ်၍ ရနိုင်၊ မရနိုင်ကို တွက်ဆကြည့်နိုင်သည်။ သက်ဆိုင်ရာ အခွင့်အာဏာရှိသူများကို ပေးကမ်းမှုပြုကာ မိမိ၏ အကျိုးစီးပွား အောင်မြင်အောင် လုပ်ဆောင်ခဲ့သူတို့နှင့် များစွာ သက်ဆိုင်နေသည်။ မြန်မာနိုင်ငံ၏ ၇၀ ရာခိုင်နှုန်း ပြည်သူများမှာ ထင်း၊ မီးသွေးများကို သုံးစွဲနေဆဲပဲ ဆိုသော်လည်း သစ်တောကြီးများ ပြုန်းတီးရခြင်းမှာ ထမင်းချက်ရုံ၊ မီးမွှေးရုံဖြင့် မပြုန်းတီးနိုင်ဆိုသည်ကို ပြည်သူအများလည်း သိနေကြသည်သာ ဖြစ်သည်။

ယခု လွှတ်တော်ကိုယ်စားလှယ်များ လက်ထက်တွင်လည်း ယင်းကဲ့သို့ ပေးကမ်းမှုများနှင့် အောင်မြင်လိုသူများ၏ သိမ်းသွင်းခံရမှုများက ကင်းလွတ်မှသာ ပရော်ဖက်ရှင်နယ်ဖြစ်သော လုပ်ငန်းတာဝန်များကို ပြည်သူအတွက် လုပ်ကိုင်နိုင်မည် ဖြစ်သည်။

၂၀၁၇ ဇန်နဝါရီလအတွင်းက တိုင်ကြားခံခဲ့ရသော တနင်္သာရီမှ လွှတ်တော်ကိစ္စဆိုလျှင် တင်ဒါကိစ္စနှင့် ပတ်သက်နေခဲ့ကြောင်း သတင်းမီဒီယာများတွင် ဖော်ပြခဲ့သည်။ တိုင်ကြားသူများကလည်း လွှတ်တော်သုံးရပ်မှ ကိုယ်စားလှယ် ၁၉ ဦးက လက်မှတ်ရေးထိုးကာ တိုင်ကြားခဲ့ခြင်း ဖြစ်သည်။ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၊ လွှတ်တော်ဥက္ကဋ္ဌ နှစ်ဦးနှင့် ပါတီတာဝန်ရှိသူများထံ တိုင်ကြားခဲ့သော အဆိုပါ တိုင်ကြားစာတွင် တနင်္သာရီတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌတို့မှာ လွှတ်တော်လုပ်ငန်းစဉ်များ လုပ်ဆောင်ရာတွင် အားနည်းခြင်းနှင့် လွှတ်တော်တင်ဒါ ခေါ်ယူရာတွင် နီးစပ်သူများအား ချပေးထားသည့်အတွက် တိုင်ကြားခြင်း ဖြစ်သည်ဟု သိရသည်။

အဆိုပါတိုင်ကြားချက်အား အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ပါတီ လေ့လာသုံးသပ်ရေးအဖွဲ့ ခေါင်းဆောင် ဦးဉာဏ်ဝင်းမှ တနင်္သာရီမှ တိုင်ကြားချက်ထဲတွင် ရှိသင့်ရှိထိုက်သည့် ဂုဏ်သိက္ခာနှင့် မလျော်ညီဘဲ လုပ်ထားသည့် တဦး ပါဝင်ကြောင်း ပြောကြားခဲ့သည်။ ယင်းအနေအထားများသည်လည်း ပေးကမ်းမှုနှင့် အောင်မြင်မှုကို လိုက်ရှာသော စီးပွားရေးသမားများကြောင့် ပရော်ဖက်ရှင်နယ် လုပ်ငန်းတာဝန်ကို မေ့လျောသွားခြင်းဟု ယူဆစရာ ရှိနေသည်။

၂၀၁၇ ဧပြီ ၄ ရက်နေ့က ပြန်ကြားရေးဝန်ကြီးဌာန ဝန်ကြီးရုံး အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့သည့် ပြည်ထောင်စုလွှတ်တော်ချုပ်အနေဖြင့် နိုင်ငံတော်အစိုးရ၏ ပထမနှစ်တာ ကာလအတွင်း ပြုပြင်ဆောင်ရွက်ခဲ့မှုနှင့် ပတ်သက်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြည်ထောင်စုလွှတ်တော်ချုပ် ဒုတိယညွှန်ကြားရေးမှုးချုပ် ဒေါ်တင်နွယ်စိုးက လာဘ်ပေးလာဘ်ယူ တိုင်တန်းမှုရှိခဲ့လို့ သိတာနှင့် ဖြစ်စေ၊ သတင်းကျော်စောတာနဲ့ ဖြစ်စေ ချက်ချင်း စုံစမ်းစစ်ဆေးမှု ပြုလုပ်မည်ဟု မီဒီယာများအား ဖြေကြားခဲ့သည်ကို တွေ့ရသည်။ ယင်းနောက်ပိုင်းတွင်လည်း ပြဿနာများ ပေါ်နေဆဲသာ ဖြစ်သည်။ အပေးအယူများနှင့် အလုပ်ဖြစ်နေဆဲသာ ဖြစ်သည်ကို စာနယ်ဇင်းများ၊ သတင်းမီဒီယာများတွင် ကြည့်၍ သိရသည့် သတင်းများအရ ကျဆင်းလာခြင်း မရှိသေး။

အခြေအနေအရပ်ရပ်ကို သုံးသပ်ကြည့်လျှင် မြန်မာနိုင်ငံ၏ ဆင်းရဲမွဲတေမှု၊ ဖွံ့ဖြိုးမှု နောက်ကျမှု၊ အကျင့်ပျက် ခြစားမှုတို့သည် ပေးကမ်းခြင်းသည် အောင်မြင်ရာ၏ဆိုသော ဆောင်ပုဒ်ကို လက်စွဲ၍ မိမိတို့၏ အကျိုးစီးပွားအတွက် အာဏာရှိသူတချို့နှင့် ငွေရှင်ကြေးရှင်တချို့တို့ လက်တွေ့ကျင့်သုံးခဲ့ခြင်း ဖြစ်ကြောင်း သုံးသပ်မိသည်။

သို့ဖြစ်ပါ၍ ပေးကမ်းခြင်းများ အောင်မြင်နေသရွေ့ တိုင်းပြည်၏အရွေ့ကို မရောက်နိုင် ဆိုသည်ကို နိုင်ငံတော်အကြီးအကဲများကိုယ်တိုင် သတိမူပြီး ကြပ်မတ် လုပ်ဆောင်သင့်ပါကြောင်း တိုက်တွန်းရေးသားလိုက်ရပါတယ်။

ကျော်လင်း(ရောင်စုံ)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013