DVB Logo
Home
မြန်မာသတင်း
မြန်မာ့ပုံရိပ်ဖော်လိုလျှင် သမိုင်းကြောင်းသိရှိရန် လိုအပ်ဟု ပုပ်ရဟန်းမင်းပြောခွင့်ရ ဆို
DVB
·
November 30, 2017
မြန်မာ့ပုံရိပ်ဖော်လိုလျှင် သမိုင်းကြောင်းသိရှိရန် လိုအပ်ဟု ပုပ်ရဟန်းမင်းပြောခွင့်ရ ဆို
Donate to DVB

နိုင်ငံတကာက မြန်မာနိုင်ငံကို ပုံရိပ်ဖော်ချင်ရင် မြန်မာ့သမိုင်းကြောင်းကိုလည်း လေ့လာသိရှိထားဖို့ လိုအပ်မယ်လို့ ပုပ်ရဟန်းမင်းကြီးရဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောကြားလိုက်ပါတယ်။

ပုပ်ရဟန်းမင်းကြီး ဖရန်စစ်ရဲ့ မြန်မာပြည် ခရီးစဉ်နဲ့ပတ်သက်ပြီး  မနေ့ညက ရန်ကုန်မြို့ ဆူးလေရှန်ဂရီလာဟိုတယ်မှာ ပုပ်ရဟန်းမင်းကြီးရဲ့ ပြောရေးဆိုခွင့်ရှိသူ Mr.Gerg Burk နဲ့ ပုပ်ရဟန်းမင်းကြီးရဲ့ မြန်မာနိုင်ငံ ခရီးစဉ်ဆိုင်ရာ ပြောရေးဆိုခွင့်ရှိသူ ဖာသာမာရီယာနို စိုးနိုင်တို့က ပြည်တွင်း ပြည်ပက မီဒီယာတွေကို သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့တာပါ။

Mr.Gerg Burk က မြန်မာနိုင်ငံဟာ အနောက်အုပ်စု နိုင်ငံတွေရဲ့ ဖိအားပေးဝေဖန်မှုမျိုးစုံ ကြုံဆုံနေရချိန်မှာ ဗာတီကန်အနေနဲ့ မြန်မာအစိုးရရဲ့ ရပ်တည်ချက်ဘက်က ထောက်ခံရတာဟာ လက်ရှိဖြစ်ပေါ်နေတဲ့  ပဋိပက္ခ ပိုမိုဆိုးရွားမလာစေဖို့ ဖြစ်တယ်၊ ဒီမိုကရေစီ အသွင်ကူးပြောင်းနေတဲ့  မြန်မာနိုင်ငံဟာ ပြည်သူတို့ရဲ့ လူနေမှုဘဝ ပိုမိုတိုးတက်စေရေးအတွက် ဦးတည်ကြိုးပမ်းနေတာကို ပုပ်ရဟန်းမင်းကြီးက သိရှိတယ်လို့ ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ ထွန်းကားရေးအတွက် ဦးတည် ကြိုးပမ်းခဲ့ရာမှာ များစွာ စွန့်လွှတ်အနစ်နာခံခဲ့တယ်၊ မြန်မာ့သမိုင်းကို ကြည့်ရင် လက်ရှိ ဖြစ်ပေါ်နေတဲ့ အခြေအနေရဲ့ အရင်းအမြစ်ကို တွေ့မြင်နိုင်တယ်၊ မြန်မာပြည်ဟာ ဗြိတိသျှကိုလိုနီ နယ်ချဲ့အောက်သို့ ကျရောက်ခဲ့ရတဲ့ နိုင်ငံဖြစ်ပြီး လက်ရှိတွေ့ကြုံနေရတဲ့ ပဋိပက္ခဟာ ကောက်ကာငင်ကာ ဖြစ်ပေါ်လာတာလာ မဟုတ်ဘဲ တရွေ့ရွေ့ တငွေ့ငွေ့ စုစည်းဖြစ်လာတဲ့ အခြေအနေရဲ့ ရလဒ်သာဖြစ်တယ်၊ နိုင်ငံတကာက မြန်မာနိုင်ငံကို ပုံရိပ်ဖော်ချင်ရင် မြန်မာ့သမိုင်းကြောင်းကိုလည်း လေ့လာသိရှိဖို့ လိုမယ်လို့ ပြောပါတယ်။

ဗာတီကန်အနေနဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်ပြီး အနောက်နိုင်ငံတချို့ရဲ့ စွပ်စွဲချက်တွေ ပေါ်ထွက်နေချိန်မှာ တုံ့ပြန်ပြောဆိုလိုခြင်း မရှိကြောင်းနဲ့ လတ်တလော အနေအထားအရ တုံ့ပြန် ပြောဆိုဖို့  စောသေးတယ်လို့လည်း ဆိုပါတယ်။

ပုပ်ရဟန်းမင်းကြီး မြန်မာပြည်မလာခင် ခရီးစဉ်အတွင်း အထိအရှမခံတဲ့ စကားလုံးတွေကို သုံးနှုန်းခြင်းမပြုဖို့ ကာဒီနယ်ချားလ်စ်ဘိုက ကြိုတင်အသိပေးခဲ့ရတာဟာ လတ်တလော ဖြစ်ပေါ်နေတဲ့ မြန်မာ့နိုင်ငံရေးဖြစ်စဉ် ပိုမို မရှုပ်ထွေးစေချင်လို့ ဖြစ်တယ်၊ ပုပ်ရဟန်းမင်းကြီးဟာ ကိုဖီအာနန် ကော်မရှင်ရဲ့ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်တွေကို ဂဃနဏ လေ့လာသိရှိပြီးဖြစ်လို့  ဒီအကြံပြုချက်အတိုင်း မြန်မာအစိုးရဲ့ ဆောင်ရွက်ချက်တွေနဲ့ ပတ်သက်ပြီး အပြုသဘော ပြောကြားခဲ့တာလို့လည်း တာဝန်ရှိသူတွေက ဖြေကြားခဲ့ပါတယ်။

ဒါ့အပြင် ပုပ်ရဟန်းမင်းကြီးအနေနဲ့  တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ မေတ္တာရပ်ခံချက်အရ အလွတ်သဘော တွေ့ဆုံခဲ့တာ ဖြစ်တယ်။ သီတဂူဆရာတော်ကြီးဟာလည်း နိုင်ငံတော်ရဲ့ အထင်ကရ ပုဂ္ဂိုလ်ကြီးဖြစ်လို့ ပုပ်ရဟန်းမင်းကြီးက ပုဂ္ဂိုလ်ရေးအရ အလေးပေး တွေ့ဆုံခဲ့တာ ဖြစ်တယ်လို့လည်း ရှင်းလင်းပြောကြားပါတယ်။

ပုပ်ရဟန်းမင်းကြီးဟာ ၄ ရက်ကြာ မြန်မာပြည်ခရီးစဉ်ကို အဆုံးသတ်ပြီး ဒီကနေ့ မြန်မာနိုင်ငံကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ဆက်လက်ထွက်ခွာဖို့ ရှိနေပါတယ်။

Photo : MOI

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013