DVB Logo
Home
မြန်မာသတင်း
ကျေးလက်မီးလင်းရေးခေါင်းစဉ်ဖြင့် အိမ်ထောင်စု ၇၀၀၀ ကျော်ထံမှ ငွေလိမ်သူများကို ဖမ်းဆီး
DVB
·
November 29, 2017
ကျေးလက်မီးလင်းရေးခေါင်းစဉ်ဖြင့် အိမ်ထောင်စု ၇၀၀၀ ကျော်ထံမှ ငွေလိမ်သူများကို ဖမ်းဆီး
Donate to DVB

ဧရာဝတီတိုင်းအတွင်းက ကျေးရွာတွေမှာ ကျေးလက်မီးလင်းရေး ခေါင်းစဉ်နဲ့ ဆိုလာမီး အခမဲ့ တပ်ဆင်ပေးမယ်ဆိုကာ တအိမ်ထောင်ကို ၁ သောင်းကျပ်နှုန်းနဲ့ အိမ်ထောင်စုပေါင်း ၇၀၀၀ ကျော်ကို ငွေတောင်းယူခဲ့သူ ၅ ဦးကို ဖမ်းဆီးထားတယ်လို့ တိုင်းဒေသကြီး ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

ကရင်ထာဝရငြိမ်းချမ်းရေး (KEP) အဖွဲ့မှ ဗိုလ်ကြီးအဆင့်ရှိတယ်လို့ဆိုသူ ရန်ကုန်မြို့မှာ နေထိုင်တဲ့ မျိုးကျော်ဦး ဦးဆောင်တဲ့အဖွဲ့ဟာ အောက်တိုဘာလအတွင်းက လပွတ္တာမြို့နယ် လပွတ္တလုပ်(မြောက်) ကျေးရွာမှာ ရွာသူရွာသားတွေကို တအိမ်ထောင်လျှင် ဝပ် ၈၀ နဲ့ ၆၀ MPR ဘက္ထရီ ထောက်ပံ့ပေးမယ်၊ တပ်ဆင်ခနဲ့ ခရီးစရိတ် တအိမ်ကို ၃ သောင်းကျပ်ကျမယ်၊ ပထမ ၁ သောင်းကျပ် ပေးထားရမှာဖြစ်ပြီး ပစ္စည်းရရှိပါက ၂ သောင်းကျပ် ထပ်ပေးရမယ်လို့ ပြောဆိုစည်းရုံးခဲ့ပါတယ်။

သူတို့အဖွဲ့ရဲ့ ပြောဆိုမှုကို ယုံကြည်ပြီး လပွတ္တလုပ်(မြောက်) ကျေးရွာက အိမ်ထောင်စု ၂၆၂ စုမှ တအိမ် ၁ သောင်းကျပ်နှုန်းနဲ့ ၂၆ သိန်း ၂ သောင်းကျပ် ပေးခဲ့ပြီးနောက် ပြောဆိုထားတဲ့အတိုင်း လုပ်ကိုင်ပေးတာ မရှိတဲ့အတွက် လပွတ္တာမြို့မရဲစခန်းမှာ အမှုဖွင့်ခဲ့တာပါ။

ဒီအမှုနဲ့ပတ်သက်ပြီး ရဲစခန်းက ဖမ်းဆီးစစ်ဆေးရာမှာ တခြားကျေးရွာတွေက အိမ်ထောင်စုပေါင်း ၇၂၀၇ စုကိုလည်း အလားတူ ငွကြေးတွေ တောင်းယူကောက်ခံတာ ပေါ်ပေါက်ခဲ့တာဖြစ်တယ်လို့ ဧရာဝတီတိုင်းဒေသကြီး ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဒု-ရဲမှူးကြီး ခင်မောင်လတ်က ပြောပါတယ်။

"ရွာသားတွေကိုစုပြီး မီးရအောင်လုပ်ပေးမယ်လို့ ပြောပြီး ကောက်ခံတာပါ။ တခြားရွာတွေမှာလည်း အဲ့လိုကောက်ခံခဲ့ပေမယ် အဲ့ဒီရွာတွေက ဒီလို အမှုလာဖွင့်ထားတာ မရှိတဲ့အတွက် မြို့နယ်က အမှုစစ်တွေနဲ့ ပေါင်းစပ်ဆောင်ရွက်ဖို့ ညှိနှိုင်းထားတယ်။"

မျိုးကျော်ဦးတို့အဖွဲ့ဟာ ကျေးလက်မီးလင်းရေး အကြောင်းပြပြီး ဟင်္သာတ၊ ပန်းတနော်၊ ငပုတော၊ ဝါးခယ်မ၊ လပွတ္တာမြို့နယ်တွေက ကျေးရွာ ၁၁ ရွာမှာ ကောက်ခံခဲ့တာဖြစ်ပြီး သူ့ထံကနေ ကျေးရွာသားတွေအမည်နဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် အပါအဝင် ဌာနဆိုင်ရာတွေကို လိပ်မူပို့ထားတဲ့ ကျေးရွာမီးလင်းရေးအတွက် ဆိုလာပြား တပ်ဆင်ပေးပါရန် တင်ပြလျှောက်ထားစာတွေကိုလည်း ဖမ်းဆီးရမိထားတယ်လို့ လပွတ္တာမြို့မရဲစခန်းက သိရပါတယ်။

လက်ရှိမှာတော့ မျိုးကျော်ဦး၊ မြင့်ဇော်၊ ထက်မိုးသူ၊ ကိုကိုနိုင်နဲ့ ကျော်မင်းအောင်တို့ ၅ ဦးကို လပွတ္တာမြို့မရဲစခန်းက ရာဇသတ်ကြီး ဥပဒေပုဒ်မ ၄၂၀(လိမ်လည်မှု)၊ ၄၆၈(စာရွက်စာတမ်း အတုပြုလုပ်မှု)၊ ၁၄၄(အားပေးကူညီမှု) တွေနဲ့ ဖမ်းဆီးစစ်ဆေးနေပါတယ်။

သတင်း - မြမင်းဦး(ပုသိမ်)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013