
ကချင်ပြည်နယ်၊ မိုးညှင်းမြို့ အုတ်ကျင်းရပ်ကွက်ရှိ ဇောတိရှမ်း စစ်ရှောင်စခန်းမှာ နိုဝင်ဘာ ၂၈ ရက် မနက်က မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ ကချင်အထူးစီမံချက်ရုံး အစီအစဉ်နဲ့ ထောက်ပံ့ငွေတွေ ပေးအပ်ခဲ့ပါတယ်။
စစ်ရှောင်စခန်းက ပြည်သူတွေ ဝင်ငွေတိုးစေဖို့ ရည်ရွယ်ပြီး ပေးအပ်တာဖြစ်တယ်လို့ မိုးညှင်းမြို့နယ် ကြက်ခြေနီအသင်းခွဲ ဥက္ကဋ္ဌ ဦးတင်လှိုင်က ပြောပါတယ်။
“မိုးညှင်းမြို့နယ်မှာ စစ်ရှောင်စခန်း ၃ ခုရှိတယ်။ ကျန်တဲ့ ၂ နေရာက မွေးမြူရေး လုပ်ချင်တယ်ဆိုလို့ ပေးပြီးပါပြီ။ ဒီ ဇောတိရှမ်းတွေက သူတို့ဘာသာ ကြက်၊ ဝက်တွေ မမွေးကြပါဘူး။ သူတို့က စိုက်ပျိုးရေးပဲ လုပ်ပါတယ်။ ပဲပုပ်စိုက်ချင်တယ်ဆိုလို့ တအိမ်ထောင်ကို ၂ သိန်းခွဲနဲ့ ထောက်ပံ့တာပါ။ ကျနော်တို့ ကြက်ခြေနီအသင်းအနေနဲ့ ပထမအကြိမ်အဖြစ် သန့်ရှင်းရေးသုံးပစ္စည်း၊ ဒုတိယအကြိမ်က မိသားစုသုံးနဲ့ မီးဖိုချောင်သုံးပစ္စည်း။ ဒါက တတိယအကြိမ် ငွေထောက်ပံ့လှူဒါန်းတာပါ” လို့ ဒီဗွီဘီကို ပြောပါတယ်။
ထောက်ပံ့ငွေအဖြစ် ပထမအရစ်မှာ တအိမ်ထောင် ၂ သိန်း ၅ သောင်းနှုန်းနဲ့ ပေးအပ်ခဲ့ပြီး သီတင်း ၂ ပတ်ကျော်ကြာရင် ဒုတိယအရစ်ပေးမယ်လို့ သိရပါတယ်။
ရှမ်းစာပေယဉ်ကျေးမှုနှင့် နာရေးကူညီမှုအသင်း ဥက္ကဋ္ဌ ဦးစိုင်းသောင်းက “မိုးညှင်းမှာရှိတဲ့ ဇောတိရှမ်းရွာ ၁၃ ရွာက တာဝန်ယူပြီး နေအိမ်ဆောက်ပေးတယ်။ လုံခြုံမှုတော့ မရှိသေးပါဘူး။ သူတို့က လယ်ယာလုပ်ငန်းပဲ လုပ်တတ်တာ။ ခုက ပဲပုပ်စိုက်ပြီး ဝင်ငွေတိုးအောင် ကြက်ခြေနီအသင်းက ထောက်ပံ့တာပါ။ သူတို့ကိုယ်စား ကျေးဇူးတင်ပါတယ်” လို့ ပြောပါတယ်။
အခု ဇောတိစစ်ရှောင်စခန်းက ပြည်သူတွေဟာ ရှမ်းပြည်နယ်မြောက်ပိုင်း မန်တုံမြို့နယ်၊ နန့်ဟိုင်ကျေးရွာအုပ်စု မော်နေကျေးရွာက ပြောင်းရွှေ့ခဲ့ကြသူတွေ ဖြစ်ကြပြီး အိမ်ထောင်စု ၁၇ စုကို ထောက်ပံ့ကြေးငွေ စုစုပေါင်း ၄၂ သိန်းခွဲ ပေးအပ်ခဲ့တယ်လို့ သိရပါတယ်။
မိုးညှင်းမြို့နယ်မှာ မိုးညှင်း စိန့်ပက်ထရစ် ဘုရားကျောင်း စစ်ရှောင်စခန်း၊ အင်းတော်ကြီး နန့်မွန်း စစ်ရှောင်စခန်းနဲ့ မိုးညှင်းဇောတိရှမ်း စစ်ရှောင်စခန်းတို့ ရှိပါတယ်။
သတင်း - ခင်သန်းညွန့်











