DVB Logo
Home
မြန်မာသတင်း
ဘားအံမြို့နယ်တွင် ရေရှည်တည်တံ့ခိုင်မာသည့် တံတားတည်ဆောက်ပေးစေလို
DVB
·
November 29, 2017
ဘားအံမြို့နယ်တွင် ရေရှည်တည်တံ့ခိုင်မာသည့် တံတားတည်ဆောက်ပေးစေလို
Donate to DVB

ကျောင်းသား ကျောင်းသူတွေ သွားလာရလွယ်ကူဖို့နဲ့ ဒေသဖွံ့ဖြိုးရေးအတွက် ကျေးရွာချင်းဆက် ကိုယ်ထူကိုယ်ထ ယာယီဝါးတံတားအစား ရေရှည်တည်တံ့ခိုင်မာတဲ့ တံတား နိုင်ငံတော်က တည်ဆောက်ပေးဖို့ ကျေးရွာသူ ကျေးရွာသားတွေက မျှော်လင့်နေတယ်လို့ တံတားဖြစ်မြောက်ရေး ဦးဆောင်ခဲ့တဲ့ မုက္ကဒိကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးစောထွန်းလင်းက ပြောပါတယ်။

နိုဝင်ဘာ ၂၈ ရက်နေ့ ညနေ့ ၅ နာရီက ဘားအံမြို့နယ်၊ မုက္ကဒိကျေးရွာအုပ်စု၊ မုက္ကဒိ-ဖားနွဲ့ကျွန်း ကျေးရွာချင်းဆက် အိပ်မက်တံတားဖွင့်ပွဲ အခမ်းအနားမှာ ဒီဗွီဘီကို ပြောပါတယ်။

ယာယီဝါးတံတား တည်ဆောက်ပေးနိုင်ခဲ့တဲ့အတွက် ကျောင်းသား ကျောင်းသူတွေ သွားလာရ လွယ်ကူပြီး အချိန်ကုန် သက်သာတဲ့အပြင် ကျန်းမာရေးနဲ့ ဒေသဖွံ့ဖြိုးရေးအတွက်လည်း များစွာအထောက်အကူပြုတယ်လို့ သိရပါတယ်။

မုက္ကဒိကျေးရွာအုပ်စု၊ အုပ်ချုပ်ရေးမှူး ဦးစောထွန်းလင်းက “ပြီးခဲ့တဲ့ ၄ နှစ် ဒီတံတား မဆောက်ခင် ကြုံတွေ့ရတဲ့ အခက်အခဲတွေက ၅ မိနစ် သွားရမယ့်အချိန်မှာ ၁ နာရီလောက် လှေကူးတို စောင့်ရတာပေါ့နော်။ ကျနော်တို့ တင်ပြတာတော့ ရှိတယ်။ ပြီးခဲ့တဲ့ မိုးတွင်းတုန်းက မြေကြီး အမှန်အကန်ပေါ့နော်။ သဲမြေအနေအထား အတိုင်းအတာ လာတိုင်ပြီးပြီ။ ဒါပေမယ့် နိုင်ငံတော်ရဲ့ ဆောင်ရွက်မှုကို ကျနော်တို့ ကျေးရွာသူ ကျေးရွာသားတွေ အုပ်ချုပ်ရေးမှူးအနေနဲ့ မျှော်လင့်နေပါတယ်”လို့ ပြောပါတယ်။

ဖားနွဲ့ကျွန်းကျေးရွာ၊ ၁၀တန်း ကျောင်းသူ မမိုးမိုးအိက “ ဒီလိုလုပ်ပေးလို့လည်း ကိုယ်လည်း သွားလာရ လွယ်ကူသွားတယ်။ မိဘတွေလည်း ငွေကုန်သက်သာသွားတယ်။ ကိုယ်ထက် မောင်တွေ နှမတွေလည်း သွားလာရ လွယ်ကူသွားတယ်ဆိုတော့ ပျော်တာပေါ့။ အရမ်းဝမ်းသာတယ်။ တံတား ဒီလိုမျိုး ဆောက်တယ်ဆိုတာလည်း သမီးစိတ်ထဲမှာ ဝမ်းနည်းတယ်။ တကယ်ကို ပျော်တယ်။ ဘာဖြစ်လို့လည်းဆို ကိုယ်ငယ်ငယ်က ကိုယ်သွားတာနဲ့ တခြားစီပဲ”လို့ ပြောပါတယ်။

ဖားနွဲ့ကျွန်းကျေးရွာ၊ ဒေသခံ ဦးစောလှထွေးက “ကျန်းမာရေးကတော့ ကျနော်တို့ မုက္ကဒိကျေးရွာအုပ်စု ကျန်းမာရေးဌာနရှိတယ်။ ဒီက လူနာရှိရင် မုက္ကဒိကို ကူးရတာပေါ့။ ကုန်းတတန် ရေတတန် သွားရတယ်။ လှေနဲ့ သွားရတယ်။ ဆရာမ ခေါ်တာ လှေနဲ့ ကြန့်ကြာမှု ရှိတာပေါ့။ အခု ဆိုင်ကယ်နဲ့ဆိုတော့ သွားရလာရ လွယ်ကူသလို မြန်လည်း မြန်ဆန်မှုရှိတာပေါ့။ တည်တည်တံ့တံ့ လမ်းမဆိုရင်တော့ ပိုပြီးတော့ မိုးတွင်းရေကြီးတဲ့ အချိန်မှာ သွားလာရပိုပြီးတော့ အဆင်ပြေမယ်။ အဲ့ဒါ ရလို့ရှိရင် ပိုပြီးကောင်းမယ်”လို့ ပြောပါတယ်။

အဆိုပါတံတားကို အရှည် ၄၅၀ ပေ၊ အကျယ် ၆ ပေ၊ ကျေးရွာသူ ကျေးရွာသားများ ထည့်ဝင်ငွေ ၁၅ သိန်း၊ တဦးချင်း သစ်၊ ဝါး လှူဒါန်းမှုတွေနဲ့ အိပ်မက်တံတားကို ၈ ရက်ကြာ တည်ဆောက်ခဲ့တာဖြစ်ပြီး၊ လက်ရှိတည်ဆောက်ပြီးစီးသွားတဲ့ တံတားဟာ ၃ စင်းမြောက် တံတားဖြစ်တယ်လို့ သိရပါတယ်။

နှစ်စဉ် ယာယီတံတားကို မိုးဦးကာလအထိ သွားလာရလွယ်ကူအောင် အသုံးပြုနိုင်မှာ ဖြစ်ပြီး သံလွင်မြစ်ရေ ဝင်ရောက်လာရင် ရေစီးကြမ်းမှုကြောင့် ရေစီးနဲ့အတူ မျောပါ ပျက်စီးတဲ့အတွက် ကူးတို့လှေကို ပြန်လည်အသုံးပြု သွားလာနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း - ရဲမင်းခေါင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013