DVB Logo
Home
မြန်မာသတင်း
ဝန်ထမ်းလိုင်းခန်းထဲ အချိန်မတော်ဝင်ရောက်၍ သူနာပြုဆရာမကို အသက်အန္တရာယ်ပြုသူအား ဖမ်းမိ
DVB
·
November 29, 2017
ဝန်ထမ်းလိုင်းခန်းထဲ အချိန်မတော်ဝင်ရောက်၍ သူနာပြုဆရာမကို အသက်အန္တရာယ်ပြုသူအား ဖမ်းမိ
Donate to DVB

မန္တလေးတိုင်း၊ သာစည်မြို့၊ အမှတ် ၄ ရပ်ကွက်၊ ပြည်သူ့ဆေးရုံဝင်းထဲမှာ မနက်စောစော ဝန်ထမ်းလိုင်းခန်း ထရံတွေကို ချိုးဖျက်ဝင်ရောက်လာပြီး အသက်အန္တရာယ်ပြုတဲ့ အမျိုးသားတဦးကို ဖမ်းမိအရေးယူထားတယ်လို့ သာစည်မြို့မရဲစခန်း တာဝန်ကျရဲအရာရှိက ပြောပါတယ်။

နိုဝင်ဘာ ၂၈ ရက် မနက်စောစော ၃ နာရီလောက်က သာစည်ဆေးရုံဝင်း ဝန်ထမ်းလိုင်းခန်းမှာ သူနာပြုဆရာမ မလဲ့ယဉ်မြင့် တဦးတည်း အိပ်ပျော်နေတဲ့ အခန်းထဲကို ထရံချိုးဖျက် ဝင်ရောက်လာတာ ဖြစ်ပါတယ်။

“လည်ပင်းကိုညှစ်တယ်။ အော်မယ်လုပ်တော့ ပါးစပ်ကို လက်နဲ့ပိတ်တယ်။ သူနာပြုဆရာမ မလဲ့ယဉ်မြင့်က အားနဲ့ရုန်းပြီး လက်သီးနဲ့ထိုးလိုက်တာ ပက်လက်လန်လဲကျပြီး ပြတင်းပေါက်က ခုန်ချ ထွက်ပြေးသွားတယ်။ မီးရောင်နဲ့ လှမ်းကြည့်တော့ တရပ်ကွက်တည်းနေ ဖြိုးသန့်ကျော် ဆိုတာ သိရတယ်။ တိုင်ချက်ပေးပြီး ဒီနေ့ပဲ အမှုဖွင့်တယ်” လို့ တာဝန်ကျရဲအရာရှိက ပြောပါတယ်။

သာစည်မြို့မရဲစခန်း အမှုစစ်ရဲအရာရှိက “ဆေးရုံဝန်ထမ်း လိုင်းခန်းထဲကို အချိန်မတော် ဝင်ရောက်တယ်။ အသက်အန္တရာယ်ပြုတယ်။ လည်ပင်းညှစ် ပါးစပ်ပိတ်တယ်လို့ တရားလိုက တိုင်တန်းလာတယ်။ စုံစမ်းစစ်ဆေးပြီး အမြန်တရားစွဲဖို့ လုပ်နေတယ်" လို့ ပြောပါတယ်။

ဆေးရုံနားနေသူ ဒေသခံတဦးက “ဝန်ထမ်းအိမ်တွေက အတော်စုတ်ပြတ်နေပြီ။ ထရံတွေကလည်း ဆွေးနေပြီ။ အားထည့်စရာမလိုဘဲ လက်နဲ့ အသာလေး ဖြဲလိုက်တာနဲ့ ထရံတွေ အကုန်လုံး ပြဲကုန်တာပဲ။ အဲဒီအိမ်တွေ ပြင်ပေးသင့်တယ်။ ဆရာမအမျိုးသားကလည်း ကျန်းမာရေးဝန်ထမ်းဆိုတော့ တယောက်တနေရာစီ နေကြရတယ်။ အိမ်တွေရဲ့ အကာအရံ ကောင်းရင် အခုလိုမျိုး မဖြစ်နိုင်ဘူးပေါ့” လို့ ပြောပါတယ်။

သာစည်မြို့မရဲစခန်းမှာ ဖြိုးသန့်ကျော်ကို ညအချိန်မတော် ပုန်းလျှိုး အိမ်ကျော်ဝင်မှု၊ မိန်းမသား ကာယိနြေ္ဒ ပျက်စီးစေမှု ရာဇသတ်ကြီးပုဒ်မ ၄၅၆/၃၅၄ နဲ့ (ပ)၂၄၇/၂၀၁၇ နဲ့ အမှုဖွင့်ထားပါတယ်။

ပုဒ်မ ၄၅၆ အရ ထောင်ဒဏ် ၃ နှစ်အထိ ကျနိုင်ပြီး ပုဒမ ၃၅၄ အရ ထောင်ဒဏ် ၂ နှစ်အထိ ကျနိုင်တယ်လို့ သိရပါတယ်။

သတင်း - မောင်မောင်လင်း(ဝမ်းတွင်း)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013