DVB Logo
Home
မြန်မာသတင်း
မိုင်းရှင်းလင်းရေးကူညီရန် ကရင်ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ တိုက်တွန်း
DVB
·
November 29, 2017
မိုင်းရှင်းလင်းရေးကူညီရန် ကရင်ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ တိုက်တွန်း
Donate to DVB

အန္တရာယ်ကင်းတဲ့ လူ့ပတ်ဝန်းကျင်ဖြစ်ဖို့ မိုင်းရှင်းလင်းရေးလုပ်ငန်းတွေမှာ ပါဝင် ကူညီဆောင်ရွက်ပေးကြဖို့ ကရင်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစောချစ်ခင်က တိုက်တွန်းပါတယ်။

နိုဝင်ဘာ ၂၈ ရက် မနက်က ဘားအံမြို့ တော်ဝင်ရတနာဟိုတယ်မှာ ပြုလုပ်တဲ့ လူသားချင်းစာနာမှုဆိုင်ရာ မိုင်းလုပ်ငန်းအကြောင်း အလုပ်ရုံဆွေးနွေးပွဲမှာ ပြောဆိုလိုက်တာပါ။

ကရင်ပြည်နယ် လွှတ်တော် ဥက္ကဋ္ဌ ဦးစောချစ်ခင်က “ကျနော်တို့ ကရင်ပြည်နယ်အတွင်းမှာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေ တိုးတက်အောင် ဆောင်ရွက်နေသလို ပြည်သူတွေ အမှန်တကယ် လိုအပ်နေတဲ့ မိုင်းအန္တရာယ် အသိပညာပေးခြင်း၊ မိုင်းဒဏ်သင့်သူများနဲ့ မသန်စွမ်းသူများ အကူအညီပေးခြင်းလုပ်ငန်းတွေကို အခုထက် ပိုမိုဆောင်ရွက်ပေးကြပါ။ အခါအခွင့်သင့်တဲ့ အချိန်မှာ ပြည်သူများ အလုံးစုံ အန္တရာယ်ကင်းတဲ့ လူ့ပတ်ဝန်းကျင်ဖြစ်ဖို့ မိုင်းရှင်းလင်းရေး လုပ်ငန်းတွေကို ကရင်ပြည်နယ်အစိုးရအဖွဲ့က ခွင့်ပြုပေးတဲ့ နယ်မြေများမှာ မိုင်းရှင်းလင်းရေး ဆောင်ရွက်သွားဖို့ ကူညီဆောင်ရွက်ပေးကြပါ”လို့ တိုက်တွန်း ပြောဆိုလိုက်တာပါ။

မိုင်းရှင်းလင်းရေးတွေ ဆောင်ရွက်တဲ့အခါမှာ သတင်းအချက်အလက်ရရှိဖို့ ပြည်သူတွေ ပါဝင်ဖို့လိုတယ်လို့ ကရင်ပြည်နယ် လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဦးစီးဌာန၊ ဒုညွှန်ကြားရေးမှူး ဦးဇော်မင်းက ပြောပါတယ်။

“ပြည်သူတွေဆီကနေပြီးတော့မှ နည်းပညာဆိုင်ရာ အထောက်အပံ့မပါတဲ့ Survey လုပ်တာပေါ့။ ဘယ်နေရာမှာ မိုင်းရှိနိုင်လဲ။ ဘယ်နေရာတွေကတော့ မိုင်းထိဖူးလဲ။ ဘယ်လိုတွေကတော့ မိုင်းဖြစ်စဉ်တွေ ဖြစ်ခဲ့ဖူးလဲ။ ဘယ်နှကြိမ် ဖြစ်ဖူးလဲ။ ဥပမာ သဘောက ဒါမျိုးလေးတွေကို ကျနော်တို့က ပြည်သူတွေဆီကနေ ပါဝင်တဲ့ သတင်းစကားတွေ သိမှသာ ကျနော်တို့က ဘယ်နေရာတွေကို ဦးစားပေးပြီးတော့မှ လုပ်ပေးရမယ်ဆိုတာ ကျနော်တို့က ဆုံးဖြတ်နိုင်မှာပါ။ အဲတော့ ပြည်သူလူထု ပူးပေါင်းပါဝင်ဖို့က ရာနှုန်းပြည့်လိုအပ်ပါတယ်”လို့ ပြောပါတယ်။

The Halo Trust(Myanmar) ကရင်ပြည်နယ်တာဝန်ခံ နန်းဖော့ဆောင်ခလိန်းက “ကျမတို့ ထဲထဲဝင်ဝင် ကျေးရွာလူထုနဲ့သွားပြီး လုပ်ဆောင်နေတာတွေက အခုလောလောဆယ်အနေနဲ့ဆို ကျမတို့ မိုင်းအသိပညာပေးလုပ်တာ။ ကွန်မြူနီတီထဲမှာ သူတို့တွေကို ကျမတို့ မိုင်းရှင်းလင်းရေး မလုပ်နိုင်သေးပေမယ် ကာကွယ်ရေးကိုအပိုင်းကို အဓိကထားပြီး လုပ်ပေးနေတယ်ပေါ့နော်။ ဒီအပိုင်းမှာတွေကတော့ ကွန်မြူနီတီတွေကလည်း တော်တော်လေးကို လက်ခံတယ်။ ကြိုဆိုတယ်”လို့ ပြောပါတယ်။

အဆိုပါ အလုပ်ရုံဆွေးနွေးပွဲကို မိုင်းအန္တရာယ်ကင်းရှင်းရေးလုပ်ငန်းတွေ၊ မိုင်းရှင်းလင်းရေး လုပ်ငန်းတွေဆောင်ရွက်နိုင်ဖို့၊ ကရင်ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌ၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်တွေကိုပါ မိုင်းအန္တရာယ် ကင်းရှင်းရေးလုပ်ငန်းစဉ်တွေကို သိရှိစေဖို့ ရည်ရွယ်ကျင်းပတာဖြစ်ပါတယ်။

ကရင်ပြည်နယ်အတွင်း မိုင်းအသိပညာပေးခြင်း လုပ်ငန်းတွေကို DCA, The Halo Trust , MAG အဖွဲ့တွေနဲ့ ပူးပေါင်းပြီးဆောင်ရွက်နိုင်ခဲ့သလို UNICEF အဖွဲ့ရဲ့ ပံ့ပိုးမှုနဲ့ ဌာနဆိုင်ရာ ဝန်ထမ်း ၆၆ ဦး၊ ဆရာ ဆရာမ ၂၃၂ ဦးကို မိုင်းအန္တရာယ် အသိပညာပေး သင်တန်းပို့ချပြီး၊ ကလေးငယ် ၁သောင်းကျော်ကို အသိပညာပေး လုပ်ဆောင်နိုင်ခဲ့တယ်လို့ သိရပါတယ်။

မိုင်းဒဏ်ထိ လူနာတဦးကို ၂ သိန်းနှုန်း ထောက်ပံ့ပေးပြီး မိုင်းဒဏ်သင့်သူတွေအတွက် အသေးစားခြေတုပြင်ဆင်မှု ၆၅၆ ဦး၊ အားပြုကိရိယာ ၉၈၅ ဦး၊ ခြေတုတပ်ဆင်မှု ၃၈ ဦးကို အထောက်အကူပြုလုပ်ငန်းတွေ ဆောင်ရွက်ပေးနိုင်ခဲ့တယ်လို့ ပြည်နယ်ဦးစီးမှူးရဲ့ ပြောကြားချက်အရ သိရပါတယ်။

သတင်း - ရဲမင်းခေါင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013