DVB Logo
Home
မြန်မာသတင်း
နာဂဒေသတခုလုံးတွင် ပဲနို့တိုက်ကျွေးနိုင်ရန် အစိုးရအကူအညီ လိုအပ်
DVB
·
November 29, 2017
နာဂဒေသတခုလုံးတွင် ပဲနို့တိုက်ကျွေးနိုင်ရန် အစိုးရအကူအညီ လိုအပ်
Donate to DVB

ရွှေပါရမီ ကျန်းမာရေးဖောင်ဒေးရှင်းရဲ့ ကူညီထောက်ပံ့မှုနဲ့ ဆောင်ရွက်နေတဲ့ ပဲနို့တိုက်ကျွေးရေးစီမံချက် နာဂဒေသတခုလုံး လွှမ်းခြုံနိုင်ဖို့ အစိုးရရဲ့ ကူညီထောက်ပံ့မှု လိုအပ်နေပါတယ်။

၂၀၁၇ ဇွန် ၁ ရက်နေ့က စတင်ကာ ရွှေပါရမီကျန်းမာရေးဖောင်ဒေးရှင်းရဲ့ ကူညီထောက်ပံ့မှုနဲ့ လဟယ်မြို့နယ်မှာ ဒေသထွက် ပဲပုပ်တွေကို အသုံးပြုပြီး ပဲနို့အဖြစ် ပြုလုပ်ကာ ကလေးငယ်တွေတင်မက ကိုယ်ဝန်ဆောင်မိခင်တွေကိုပါ အာဟာရ ဖြည့်တင်းရေးအတွက် ပဲနို့တိုက်ကျွေးရေးကို လုပ်ဆောင်နေတာပါ။

နာဂဒေသက ကလေးငယ်တွေက စားနပ်ရိက္ခာရှားပါးတာ၊ လမ်းပန်းဆက်သွယ်ရေး ခက်ခဲတာတွေကြောင့် ဆေးဝါးမလုံလောက်မှု၊ အစာအာဟာရ မလုံလောက်မှုတွေလည်း ရှိနေပြီး ပြီးခဲ့တဲ့နှစ်ကလည်း အာဟာရချို့တဲ့မှုကြောင့် နောက်ဆက်တွဲရောဂါတွေ ခံစားရကာ အသက်သေဆုံးတဲ့အထိ ဖြစ်ပေါ်ခဲ့ပါတယ်။

ကလေးငယ်တွေမှာ အာဟာရချို့တဲ့တာကြောင့် ကိုယ်ခန္ဓာဖွံ့ဖြိုးမှု နှေးကွေးတာ၊ ပေါင်ချိန်မပြည့်တာ၊ ဦးနှောက်ဖွံ့ဖြိုးမှု နှေးတာတွေလည်း ကြုံတွေ့နေရပါတယ်။

ရွှေပါရမီကျန်းမာရေးဖောင်ဒေးရှင်းအနေနဲ့ ဒေသထွက် ပဲပုပ်စေ့တွေကို ပဲနို့လုပ်နိုင်တဲ့အထိ ငွေကြေးသိန်းပေါင်းများစွာ အကုန်အကျခံကာ နာဂ ၃ မြို့နယ်အတွက် ပဲနို့ကြိတ်စက်အကြီး ၃လုံး၊ အသေး ၃ လုံးနဲ့ ဆက်စပ်ပစ္စည်းတွေ၊ ပဲနို့အာဟာရမှုန့် ထုတ်လုပ်စက် ၂ လုံး၊ အိတ်ပိတ်စက် ၂ လုံး၊ ပဲနို့အာဟာရ စဉ်ဆက်မပြတ် ထုတ်နိုင်ရေးအတွက် ပဲနို့စက်ရုံတရုံတို့ကို လဟယ်မြို့မှာ လှူဒါန်းထားသလို အမြဲတမ်းဝန်ထမ်း ၄ ဦးကိုလည်း ခန့်ထားပေးပါတယ်။

လက်ရှိ အနေအထားအရ နာဂဒေသ လဟယ်မြို့နယ်အတွင်းရှိ စာသင်ကျောင်း၊ ဘုန်းတော်ကြီးသင် ပညာရေးကျောင်း၊ ဘာသာရေးမူကြိုကျောင်း၊ အစိုးရမူကြိုကျောင်းတွေ မှာ လဟယ်မြို့ပေါ်ရှိ ကိုယ်ဝန်ဆောင်မိခင်၊ နို့တိုက်မိခင် အပါအဝင် စုစုပေါင်း  ၂၀၀၀ လောက်ကို တပတ်ကို ၃ ရက်နှုန်းနဲ့ ၃ လတိတိ တိုက်ကျွေးခဲ့ပါတယ်။

လဟယ်မြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကယ်က“ဒီပဲနို့ မတိုက်ခင် ကိုယ်အလေးချိန်တိုင်းတယ်။ သွေးပေါင်တိုင်းတယ်။ တိုက်ပြီး ပြန်ချိန်တဲ့အခါ သွေးပေါင်ကော၊ ကိုယ်အလေးချိန်ကော တက်လာတာ တွေ့ရတယ်။ ပဲနို့ကိုလည်း FDA စစ်ဆေးချက်တွေအရ နွားနို့၊ ဆိတ်နို့တွေထက် အာဟာရပိုပြီး ပြည့်ပြည့်ဝဝ ပါတယ်လို့ သိရပါတယ်။ ကျနော်တို့ဒေသက ကလေးငယ်တွေက အာဟာရချို့တဲ့မှုတွေ ကြုံနေရတယ်။ ကြည့်လိုက်ရင် ပိန်လှီနေတာ များတယ်။ မွေးလာရင်လည်း ပေါင်ချိန်က မပြည့်ဘူး။ လောလောဆယ်က ကျနော်တို့ မြို့နယ်ပဲ တိုက်နိုင်သေးတယ်။ ကျန်တဲ့မြို့နယ်တွေမှာက ငွေကြေးဘာညာကအစ အခက်အခဲတွေ နည်းနည်းရှိတယ်။”လို့ ဒီဗွီဘီကို ပြောပါတယ်။

ပြည်သူ့လွှတ်တော်မှာ နာဂဒေသ ပဲနို့တိုက်ကျွေးရေးအစီအစဉ်နဲ့ပတ်သက်ပြီး လွှတ်တော်ကိုယ်စားလှယ်ရဲ့ မေးမြန်းချက်ကို ပညာရေး ဒုဝန်ကြီးက ပြန်လည်ဖြေကြားရာမှာ လက်ရှိမှာ ပဲနို့တိုက်ကျွေးရေးနဲ့ပတ်သက်ပြီး ဘတ်ဂျက် လျာထားတာ မရှိသေးကြောင်း၊ ပဲနို့တိုက်ကျွေးမှုကိုလည်း စောင့်ကြည့်နေပြီး အမှန်တကယ်အကျိုးရှိရင် ပညာရေး၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနတွေ ပူးပေါင်းပြီး ဘတ်ဂျက် တောင်းခံ ဆောင်ရွက်သွားမယ်လို့ ပြန်လည်ဖြေကြားသွားပါတယ်။

မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသား အာဟာရဖွံ့ဖြိုးရေး အထောက်အကူပြု ပဲနို့တိုက်ကျွေးရေး စီမံချက်ကို နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ်က အမြန်ဆုံး အကောင်အထည်ဖော်ဖို့ လမ်းညွှန်မှာကြားထားတာလည်းရှိပြီး အဓိကဦးစားပေးဒေသတွေအဖြစ် နာဂဒေသ၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်တို့ကို သတ်မှတ်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013