DVB Logo
Home
မြန်မာသတင်း
ပျော်ရွှင်ကြွယ်ဝ၍ သာယာလှပသည့်နိုင်ငံအဖြစ် သမိုင်းအမွေ ချန်ထားခဲ့လိုဟု ဒေါ်အောင်ဆန်းစုကြည်ပြော
DVB
·
November 29, 2017
ပျော်ရွှင်ကြွယ်ဝ၍ သာယာလှပသည့်နိုင်ငံအဖြစ် သမိုင်းအမွေ ချန်ထားခဲ့လိုဟု ဒေါ်အောင်ဆန်းစုကြည်ပြော
Donate to DVB

မြန်မာနိုင်ငံကို ပျော်ရွှင်ကြွယ်ဝပြီး သာယာလှပတဲ့ နိုင်ငံတနိုင်ငံအဖြစ် သမိုင်းအမွေ ချန်ထားခဲ့လိုတယ်လို့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပါတယ်။

မနေ့ညနေက နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန-၂ (MICC-II) မှာ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်ကို ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားရာမှာ ထည့်သွင်းပြောသွားတာပါ။

“နိုင်ငံတနိုင်ငံရဲ့ သက်တမ်းရှိ ခေတ်ကာလတိုင်းမှာ အတိတ်ရဲ့ ကောင်းမွေ၊ ဆိုးမွေကို ဆက်ခံပြီး အကောင်းဆုံးတည်ဆောက်ဖို့ မိမိတို့မှာ တာဝန်ရှိပါတယ်။ ယခုဆိုလျှင် မြန်မာနိုင်ငံအတွက် ဖွံ့ဖြိုးတိုးတက်မှု ပုံရိပ်တွေကို အကောင်အထည်ဖော်နိုင်မယ့် ပြုပြင်ပြောင်းလဲနိုင်ဖို့ အခွင့်အလမ်းတွေကို မိမိတို့ ရရှိထားပြီး ဖြစ်ပါတယ်။ ဒီတာဝန်တွေ၊ သမာဓိနဲ့ ကိုယ်ချင်းစာတရားတွေဖြင့် ထမ်းဆောင်သွားမှာဖြစ်ပြီး၊ မိမိတို့နိုင်ငံရဲ့ အနာဂတ်ကို လှပခိုင်မာပြီး ဂရုစိုက်မှု၊ တန်ဖိုးထား လေးစားမှုများနှင့် ပျော်ရွှင်ကြွယ်ဝပြီး သာယာလှပတဲ့ နိုင်ငံတနိုင်ငံအဖြစ် သမိုင်းအမွေ ချန်ထားခဲ့လိုပါတယ်။ အလားတူ အနာဂတ်မှာ မြန်မာပြည်သူတွေဟာ စည်းလုံးညီညွတ်မှုရှိပြီး ပြောင်းလဲနေသည့် ကမ္ဘာကြီးနဲ့ လိုက်လျောညီထွေရှိစွာ ဖွံ့ဖြိုးတိုးတက်မှုကို ဖန်တီးနိုင်သူများ၊ ငြိမ်းချမ်းမှု၊ အကြင်နာတရား ပြည့်ဝပြီး သဒ္ဓါတရား ကြီးမားသူများ၊ အကူအညီ လိုအပ်နေသူများကို အချိန်တိုင်းမှာ လက်ကမ်းကူညီပေးနိုင်သူ၊ စိတ်ဓာတ်ခိုင်မာပြီး ကျွမ်းကျင်မှု ပြည့်ဝသူများအဖြစ် မြင်တွေ့လိုပါတယ်။”

ပုပ်ရဟန်းမင်းကြီးအနေနဲ့ မြန်မာပြည်သူတွေ လိုအပ်နေတဲ့၊ လိုလားတောင့်တနေတဲ့ ငြိမ်းချမ်းရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ လူမှုရေးအရ သဟဇာတရှိမှုတို့အပေါ် နားလည်မှုပေးခြင်းဟာ မိမိတို့အတွက် ခွန်အားနဲ့ မျှော်လင့်ချက်တွေကို သယ်ဆောင်လာပေးတယ်လို့လည်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောပါတယ်။

မြန်မာနိုင်ငံဟာ စိန်ခေါ်မှုတွေ အများအပြားနဲ့ ရင်ဆိုင်နေရပြီး စိန်ခေါ်မှုတခုချင်းစီတိုင်းအတွက် ခွန်အား၊ စိတ်ရှည်သည်းခံမှုနဲ့ ရဲရင့်မှုတွေ လိုအပ်တယ်။ လက်ရှိ အစိုးရ ရင်ဆိုင်ကြုံတွေ့နေရတဲ့ စိန်ခေါ်မှုတွေအနက် ရခိုင်ပြည်နယ် အခြေအနေဟာ ကမ္ဘာ့နိုင်ငံအများစုရဲ့ အာရုံစိုက်မှုကို ဖြစ်ပေါ်စေခဲ့တယ်။ ရခိုင်ပြည်နယ်ရှိ မတူကွဲပြားတဲ့ အသိုက်အဝန်းတွေအကြား ယုံကြည်မှု၊ အပြန်အလှန်နားလည်မှု၊ သဟဇာတဖြစ်မှုနဲ့ ပူးပေါင်း ဆောင်ရွက်မှုတွေကို ထိခိုက်စေခဲ့တဲ့ ကာလရှည်ကြာ ဖြစ်ပေါ်ခဲ့တဲ့ ကိစ္စရပ်တွေ၊ လူမှုရေး၊ စီးပွားရေးနဲ့ နိုင်ငံရေးကိစ္စရပ်များကို ကိုင်တွယ်ဖြေရှင်းရာမှာ မိမိတို့ရဲ့ ကြိုးပမ်းဆောင်ရွက်မှုတွေ အောင်မြင်ဖို့ ဆန္ဒရှိကြတဲ့ မိမိတို့နိုင်ငံရဲ့ ပြည်သူပြည်သားတွေ၊ မိတ်ဆွေကောင်းတွေရဲ့ ထောက်ခံ အားပေးမှုဟာ တန်ဖိုးမဖြတ်နိုင်တဲ့အရာတွေ ဖြစ်ပါတယ်လို့လည်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသွားပါတယ်။

မြန်မာနိုင်ငံနဲ့ ဗာတီကန်မြို့ပြနိုင်ငံတို့အကြား သံတမန်ဆက်သွယ်မှု တည်ထောင်ပြီး ၆ လ အကြာမှာ မြန်မာနိုင်ငံကို ပုပ်ရဟန်းမင်းကြီးကိုယ်တိုင် လာရောက်ခဲ့တာဖြစ်ပါတယ်။

နေပြည်တော်မှာ ပုပ်ရဟန်းမင်းကြီး မိန့်ခွန်းပြောကြားတဲ့ အခမ်းအနားသို့ နိုင်ငံတော်သမ္မတ၊ ဒုသမ္မတနဲ့ ပြည်ထောင်စုဝန်ကြီး၊ ဒုဝန်ကြီးတွေ၊ မြန်မာ ကက်သလစ်ဂိုဏ်းချုပ် ဆရာတော်ကြီး ကာဒီနယ်ချားမောင်ဘိုနဲ့၊ မြန်မာကက်သလစ်အသင်းတော်မှ ဆရာတော်ကြီးတွေ၊ သံတမန်တွေနဲ့ တခြား ဖိတ်ကြားထားသူတွေ တက်ရောက်ခဲ့ကြပါတယ်။

ဓာတ်ပုံ-State Counsellor

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013