DVB Logo
Home
မြန်မာသတင်း
မြန်မာပြည် အနာဂတ်ဟာ ငြိမ်းချမ်းရေး ဖြစ်ရမည်ဟု ပုပ်ရဟန်းမင်းကြီး ပြောကြား
DVB
·
November 29, 2017
မြန်မာပြည် အနာဂတ်ဟာ ငြိမ်းချမ်းရေး ဖြစ်ရမည်ဟု ပုပ်ရဟန်းမင်းကြီး ပြောကြား
Donate to DVB

မြန်မာနိုင်ငံရဲ့ အနာဂတ်ဟာ ငြိမ်းချမ်းရေးဖြစ်ရမယ်လို့ မြန်မာနိုင်ငံမှာ ရောက်ရှိနေတဲ့ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က ပြောကြားလိုက်ပါတယ်။

မနေ့ညနေက နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန-၂ (MICC-II) မှာ နိုင်ငံတော်အကြီးအကဲတွေ၊ အစိုးရ တာဝန်ရှိသူတွေ၊ သံတမန်တွေနဲ့  လူမှုရေးအဖွဲ့အစည်းတွေ တက်ရောက်တဲ့ အခမ်းအနားမှာပြောသွားတာပါ။

“မြန်မာနိုင်ငံ၏ အနာဂတ်သည် ငြိမ်းချမ်းရေး ဖြစ်ရမည်။ ထိုငြိမ်းချမ်းရေးသည် လူသားတိုင်း၏ လူ့ဂုဏ်သိက္ခာနှင့် အခွင့်အရေးကို လေးစားမှု၊ တိုင်းရင်းသား လူမျိုးစုတိုင်းနှင့် ၎င်းတို့၏ ဓလေ့ထုံးတမ်း အစဉ်အလာကို လေးစားမှု၊ တရားဥပဒေအား လေးစားလိုက်နာမှု၊ မည်သူ့ကိုမျှ ချန်လှပ်ထားခြင်း မရှိဘဲ အများအကျိုးအတွက် ပံ့ပိုးမှု ပေးနိုင်ရန် လူတဦးစီတိုင်းနှင့် အဖွဲ့တိုင်းအား မြှင့်တင်ပေးသည့် ဒီမိုကရေစီစနစ်ကို လေးစားမှု စသည်တို့အပေါ် အခြေခံသည်”လို့  ပုပ်ရဟန်းမင်းကြီးက ပြောပါတယ်။

မြန်မာနိုင်ငံရဲ့ တန်ဖိုးအရှိဆုံး အဖိုးတန်ရတနာဟာ မြန်မာပြည်သူလူထု ဖြစ်တယ်၊ မြန်မာနိုင်ငံသားတွေဟာ ကာလရှည်ကြာဖြစ်ပွားနေပြီး နက်နက်ရှိုင်းရှိုင်း ကွဲပြားမှုတွေ ဖြစ်ပေါ်စေတဲ့  ပြည်တွင်း ပဋိပက္ခတွေနဲ့ ရန်လိုမုန်းတီးမှုတွေကြောင့် ကြီးမားစွာ ဝေဒနာခံစားနေခဲ့ရသလို ဆက်လက် ခံစားနေရဆဲ ဖြစ်တယ်။ လက်ရှိအချိန်မှာ မြန်မာနိုင်ငံအနေနဲ့  ငြိမ်းချမ်းရေး ရရှိဖို့ ကြိုးပမ်းနေချိန်မှာ  ပဋိပက္ခတွေကြောင့် ဖြစ်ပေါ်လာတဲ့ ဒဏ်ရာဒဏ်ချက်တွေကို ကြေအေးခြင်းနဲ့  ကုသခြင်း အရေးကိစ္စမှာ အရေးအကြီးဆုံး နိုင်ငံရေးနဲ့ ဘာသာရေး ဦးစားပေးလုပ်ငန်းစဉ်တွေမှ အမြင့်မားဆုံး လုပ်ငန်းစဉ်တခု ဖြစ်မယ်လို့လည်း ပြောပါတယ်။

ပင်လုံငြိမ်းချမ်းရေးညီလာခံဟာ အကြမ်းဖက်ခြင်းကို ချုပ်ငြိမ်းစေဖို့၊ အပြန်အလှန် ယုံကြည်မှု တည်ဆောက်နိုင်ဖို့နဲ့  မြန်မာနိုင်ငံမှာ မှီတင်းနေထိုင်သူ အားလုံးရဲ့ အခွင့်အရေးတွေကို လေးစားမှုရှိစေဖို့ တိုင်းရင်းသား အဖွဲ့အစည်း အသီးသီးမှ ကိုယ်စားလှယ်တွေကို ဖိတ်ခေါ်ကာ ဆွေးနွေးစေတဲ့ ညီလာခံ ဖြစ်တယ်၊ ဧကန်စင်စစ်၊ ငြိမ်းချမ်းရေး ဖော်ဆောင်ခြင်းနဲ့  အမျိုးသားပြန်လည်ကျေအေးသင့်မြတ်ရေးဆိုတာ  ခက်ခဲကြမ်းတမ်းတဲ့ လုပ်ငန်းစဉ်ဟာ တရားမျှတခြင်းနဲ့ လူ့အခွင့်အရေးကို လေးစားမှသာ ရှေ့ဆက်နိုင်မယ်လို့လည်း ပြောပါတယ်။

ပုပ်ရဟန်းမင်းကြီး ဖရန်စစ်ကို နိုင်ငံတော်သမ္မတ ဦးထင်ကျော်ကလည်း နိုင်ငံတော်အခမ်းအနားနဲ့ ကြိုဆိုခဲ့ပါတယ်။

ဒီကနေ့မနက်မှာတော့ ပုပ်ရဟန်းမင်းကြီးဟာ ရန်ကုန်မြို့ ကျိုက္ကဆံကွင်းမှာ လူထုပရိသတ်နဲ့  မစ္ဆားပူဇော်ဝတ်ပြုဆုတောင်းပွဲ ကျင်းပနေပါတယ်။

မွန်းလွဲပိုင်းမှာ စိန့်မေရီဘုရားကျောင်းမှာ မြန်မာနိုင်ငံ ကက်သလစ်ဆရာတော်ကြီးတွေနဲ့ တွေ့ဆုံဖို့ရှိပြီး မနက်ဖြန် နိုဝင်ဘာ ၃၀ ရက်မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ဆက်လက် သွားရောက်ဖို့ရှိပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013