DVB Logo
Home
မြန်မာသတင်း
ဒေါက်တာအေးမောင် နုတ်ထွက်စာတင်ကြောင်း ရခိုင်အမျိုးသားပါတီ အတည်ပြု
DVB
·
November 28, 2017
ဒေါက်တာအေးမောင် နုတ်ထွက်စာတင်ကြောင်း ရခိုင်အမျိုးသားပါတီ အတည်ပြု
Donate to DVB

ရခိုင်အမျိုးသားပါတီဥက္ကဋ္ဌ ဒေါက်တာအေးမောင်ဟာ ပါတီတာဝန်နဲ့ ပါတီကနေ နုတ်ထွက်ခွင့်ပြုဖို့ နိုဝင်ဘာ ၂၇ ရက်စွဲနဲ့ စစ်တွေမြို့က ပါတီဌာနချုပ်ထံ စာပေးပို့လိုက်တယ်လို့ ရခိုင်အမျိုးသားပါတီ (အေအန်ပီ) အတွင်းရေးမှူး ဦးသာထွန်းလှက အတည်ပြုပြောပါတယ်။

“ဒီကနေ့ နေ့လယ်ပိုင်းက ပါတီရဲ့ ဌာနချုပ်ကို သူ့ရဲ့သားကိုယ်တိုင် ထွက်စာကို လာပြီးတော့ ပေးတယ်လို့ ပြောပါတယ်။ စာလာပို့တယ်လို့ပဲ ပြောတာပါ။ ဒေါက်တာအေးမောင်က တစုံတရာလာပြီးတော့ ပြောခဲ့တာတော့ မရှိပါဘူး။ ရုံးလာတဲ့စာကတော့ ကျနော့်ဘက်က အတည်ပြုလို့ ရတာပေါ့” လို့ ဒီဗွီဘီကို ပြောပါတယ်။

ဒေါက်တာအေးမောင် နုတ်ထွက်စာ တင်လာတာနဲ့ ပတ်သက်လို့ ရခိုင်အမျိုးသားပါတီအနေနဲ့ တစုံတရာ ဆုံးဖြတ်ချက် မပေးရသေးဘူးလို့ သူက ဆက်ပြောပါတယ်။

စစ်တွေမြို့နယ် ရခိုင်အမျိုးသားပါတီက ဦးအောင်သန်းဝေကလည်း ဒေါက်တာအေးမောင် နုတ်ထွက်တာ ဟုတ်မှန်တယ်လို့ ပြောပါတယ်။

“ဦးအေးမောင် နုတ်ထွက်တဲ့စာကို ရုံးသဘောအရ တရားဝင် မြို့နယ်ပါတီရုံးကို မိတ္တူပေးထားတယ်။ အဲ့ဒါကြောင့်မို့လို့ ဒါဟာ တရားဝင် သေချာတယ်လို့ ပြောလို့ရတယ်။ ဒီနေ့မနက် ၈ နာရီကျော် ၉ နာရီလောက်မှာ လာပေးသွားတယ်ဗျ။ သူကိုယ်တိုင်မဟုတ်ဘူး။ သူ့သား လာပေးသွားတာ။”

ဒေါက်တာအေးမောင်ရဲ့ နုတ်ထွက်စာထဲမှာတော့ ပါတီခေါင်းဆောင်ပိုင်း ညီညွတ်မှုမရှိတဲ့အပြင် သူ့ကို နည်းမျိုးစုံသုံး တိုက်ခိုက်တယ်လို့ ဖော်ပြပါတယ်။

“ပါတီတွင်း လက်တွဲခဲ့တဲ့ ၇ နှစ်တာကာလအတွင်း အချင်းချင်း မိတ်ဘက်အသွင်မဆောင်ဘဲ ရန်စောင်ပြီး ရန်ဘက်တွေပဲ ဖြစ်ခဲ့တယ်။ ပါတီတွင်း စုံစမ်းစစ်ဆေးမှုတွေ လုပ်တဲ့အခါမှာလည်း သူ့ကို အသိမပေးဘဲ လုပ်ခဲ့တယ်။ ပါတီဌာနချုပ်ဖြစ်တဲ့ စစ်တွေမြို့နယ် ပါတီတွင်းနဲ့ လူထုပြိုကွဲရတာလည်း ဥက္ကဋ္ဌဖြစ်တဲ့ သူ့မှာပဲ တာဝန်လုံးလုံးရှိတယ်။ ဒါကြောင့် ပါတီစည်းမျဉ်းစည်းကမ်း အပိုဒ် ၆၅ အရ နုတ်ထွက်ခွင့်ပြုပါ” လို့ ဖော်ပြထားပါတယ်။

ရခိုင်အမျိုးသားပါတီက ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဦးလှစောက “သေချာဖို့တော့ များပါတယ်၊ သူ့လက်မှတ် ထိုးထားတယ်လေ၊ ဖြစ်ဖို့များပါတယ်၊ ၉၉ ရာခိုင်နှုန်းလောက် ရှိပါတယ်” လို့ ပြောပါတယ်။

ဦးအောင်သန်းဝေကို ပါတီအတွင်းရေးမှူးဖြစ်သူက ဖြုတ်ချခဲ့ပြီး မြို့နယ်ပါတီကော်မတီက ယာယီဥက္ကဋ္ဌအဖြစ် ပြန်လည်တာဝန်ပေးထားတယ်၊ အဲ့ဒီကိစ္စအတွက် ဒေါက်တာအေးမောင် နုတ်ထွက်တာလို့လည်း ပြောပါတယ်။

ပါတီစည်းမျဉ်းအရ ပါတီအနေနဲ့ ဦးအေးမောင်ကို နုတ်ထွက်ခွင့်ပေးရမယ်လို့ ဦးအောင်သန်းဝေက ပြောပါတယ်။

“ပါတီဖွဲ့စည်းပုံစည်းမျဉ်းအရ သူ့ကို နုတ်ထွက်ခွင့်ပေးရမယ်။ ဘာဖြစ်လို့ဆို ဦးအေးမောင်သည် ပါတီတွင်းမှာ အရှုပ်အရှင်းမရှိဘူး။ ငွေရေးကြေးရေးတွေ ဘာတွေ ရှင်းစရာရှိရင် အဲ့ဒါတွေရှင်းပြီးမှ နုတ်ထွက်ရမယ်လို့ ပုဒ်မ ၆၅ မှာ ပြဋ္ဌာန်းထားပါတယ်။"

ဒီကိစ္စ ကာယကံရှင်ဖြစ်တဲ့ ဒေါက်တာအေးမောင်ကို ဒီဗွီဘီက ဆက်သွယ်မေးမြန်းဖို့ ကြိုးစားခဲ့ပေမယ့် ဖုန်းပိတ်ထားလို့ ဆက်သွယ်မရခဲ့ပါဘူး။

ဒေါက်တာအေးမောင်ဟာ ၂၀၁၀ ရွေးကောက်ပွဲမှာ ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ် ၁ ကနေ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးချယ်ခံရပြီး လွှတ်တော်ကိုယ်စားလှယ် ဖြစ်လာခဲ့ပါတယ်။

၂၀၁၅ ရွေးကောက်ပွဲတုန်းက မာန်အောင်မြို့နယ် ပြည်နယ်လွှတ်တော်မှာ ဝင်ရောက်ယှဉ်ပြိုင်ရာ ရှုံးနိမ့်ခဲ့ပြီး ၂၀၁၇ ကြားဖြတ်ရွေးကောက်ပွဲမှာတော့ အမ်းပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ်  ပြန်လည် ရွေးချယ်ခံခဲ့ရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013