
ရန်ကုန်တိုင်းဒေသကြီး သန်လျင်မြို့နယ်ရှိ ဇာမဏီဆည် တာဘောင်ကျိုးလို့ အနားမှာရှိတဲ့ လူနေအိမ်တွေ ရေမြုပ်ပြီး မိသားစုတွေ ဘေးလွတ်ရာကို ပြောင်းရွှေ့ပေးထားရတယ်လို့ တိုင်း လွှတ်တော်ကိုယ်စားလှယ်က ပြောပါတယ်။
ဒီနေ့မနက်ပိုင်း ၆ နာရီလောက်က တာဘောင်စကျိုးခဲ့ပြီး အကျယ် ၁၅ ပေလောက်အထိ ကျိုးခဲ့တာပါ။
သန်လျင်မြို့နယ်က တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးအောင်နိုင်ထွန်းက “အနားမှာ ရှိတဲ့ လက်ယက်စမ်းရွာက အနိမ့်ပိုင်းအိမ် ၇၅ လုံးလောက်ကတော့ ကြမ်းခင်းမြုပ်တဲ့အထိ ရေတွေ ဝင်တယ်။ ရွာထဲမှာတော့ တတောင်လောက် ရှိတယ်။ အခု ၁၀ နာရီကျော်မှာတော့ တာကျိုးတဲ့ နေရာကို ထိန်းလိုက်နိုင်ပါပြီ” လို့ ပြောပါတယ်။
ရေဝင်တဲ့ နေအိမ်တွေက မိသားစုတွေကိုလည်း အမြင့်ပိုင်းတွေကို ပြောင်းရွှေ့ပေးထားရပါတယ်။
တာကျိုးတဲ့ နေရာကို တိုင်းအစိုးရ တာဝန်ရှိသူတွေ၊ ဌာနဆိုင်ရာတွေနဲ့ မီးသတ်တပ်ဖွဲ့ဝင်တွေလည်း လာရောက်ပြီး ကူညီဆောင်ရွက်ကြပြီး လက်ရှိအချိန်မှာတော့ စက်ယန္တရားတွေနဲ့ တာကို ပြန်ဖို့နေတယ်လို့ သိရပါတယ်။
ဓာတ်ပုံ - အောင်နိုင်ထွန်း











