
မကွေးတိုင်း မင်းဘူး၊ စကုမြို့နယ်၊ မန်းရွှေစက်တော်ဘုရားအနီး ဆပ်ပြာချောင်း (ငဖဲမြို့နယ်အရှေ့ဘက်) မှာ ဟန်ထက်ကုမ္ပဏီက တူးဖော်နေတဲ့ ကျောက်တလုံး ကျောက်မီးသွေးမှော် ကျောက်မီးသွေးတွင်း လေပိုက်ပေါက်မှုဖြစ်ပြီး အနည်းဆုံး အလုပ်သမား ၂ ဦးသေဆုံးကာ ပိတ်မိနေတဲ့ လုပ်သား ၆ ဦးကို ဆက်လက်ရှာဖွေနေပါတယ်။
နိုဝင်ဘာ ၂၇ ရက် မွန်းလွဲ ၃ နာရီလောက်က ကျောက်မီးသွေးတွင်း အနက်ပေ ၂၀၀ မှ ပေ ၂၅၀ ကြားရှိ တွင်းထဲကို ပို့လွှတ်ပေးတဲ့ လေပိုက်ပေါက်ခဲ့တာကြောင့် ကျောက်မီးသွေးတွင်းထဲမှာ ပိတ်မိနေသူ ၈ ဦးကို ကူညီကယ်ဆယ်နိုင်ဖို့ မီးသတ်တပ်ဖွဲ့ဝင်တွေ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်တွေ၊ ဌာနဆိုင်ရာ တာဝန်ရှိသူတွေနဲ့ ဒေသခံပြည်သူတွေ သွားရောက် ကူညီဆောင်ရွက်နေရပါတယ်။
လက်ရှိ မြန်မာအလုပ်သမားအလောင်း ၂ လောင်းရရှိပြီး ကျန်ရှိသူ ၆ ဦးကို ကယ်ဆယ်ရေးအဖွဲ့တွေ ဝိုင်းဝန်းရှာဖွေနေပေမယ့် ကျန်တဲ့သူတွေကတော့ အသက်မရှင်နိုင်လောက်ဘူးလို့ ရဲအုပ်ခင်မောင်ဇော်က ဒီဗွီဘီကို ပြောပါတယ်။
အဲဒီ ကျောက်မီးသွေးတွင်း မတော်တဆမှုမှာ အလုပ်သမားတွေဖြစ်တဲ့ တရုတ်နိုင်ငံသား ချန်သောက်လွင် (၄၃-နှစ်)၊ ကျိန်ခွန်ရှိန် (၅၉-နှစ်)၊ မင်းဘူးမြို့နယ် တောကျောင်းကုန်းရွာမှ ကျောက်မီးသွေးတွင်းလုပ်သား ကိုမျိုး (၂၄-နှစ်) နဲ့ မမီမီဇင် (၂၂-နှစ်) တို့ကတော့ ငဖဲမြို့နယ် ပြည်သူ့ဆေးရုံကို တက်ရောက် ဆေးကုသမှု ခံယူနေရပြီး စိုးရိမ်ရတဲ့အခြေအနေ မရှိဘူးလို့ သိရပါတယ်။
သတင်း - မင်းထီး











