
ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစုပင်လုံ တတိယအကြိမ် အစည်းအဝေးကို လာမယ့် ၂၀၁၈ ခုနှစ် ဇန်နဝါရီလ နောက်ဆုံးပတ်အတွင်း ပြုလုပ်ဖို့ သဘောတူညီမှု ရရှိသွားပါတယ်။
ဒီကနေ့ နေပြည်တော်ရှိ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန(NRPC) မှာ ပြုလုပ်တဲ့ တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် အကောင်အထည်ဖော်မှုဆိုင်ရာ ညှိနှိုင်း အစည်းအဝေး (JICM) မှာ အခုလို အတည်ပြုလိုက်တာ ဖြစ်ပါတယ်။
နိုင်ငံတော်အတိုင်ပင်ခံရုံး ညွန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက “ကျင်းပမယ့်ရက်ကတော့ လာမယ့် ဇန်နဝါရီလ နောက်ဆုံးအပတ်အတွင်းမှာ ကျင်းပပြုလုပ်သွားဖို့ဆိုပြီး JICM အစည်းဝေးက သဘောတူညီခဲ့ပါတယ်” လို့ အစည်းအဝေးအပြီး သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
အခုလို လာမယ့် ၂၀၁၈ ခုနှစ်အတွင်းမှာ ပြုလုပ်တာဟာ ၂၁ ရာစုပင်လုံညီလာခံကို တနှစ် ၂ ကြိမ် ပြုလုပ်မယ့် သဘောတူညီချက်ကို ရွှေ့ဆိုင်းတာ မဟုတ်ဘူးလို့လည်း ဆိုပါတယ်။
“ပုံမှန်အားဖြင့် တနှစ် ၂ ကြိမ်ဆိုတာ ရည်မှန်းပြီး ဆောင်ရွက်မှာ။ ကြားထဲမှာပေါ်လာတဲ့ နိုင်ငံရဲ့ အခြေအနေပေါ် မူတည်ပြီးတော့ အနီးစပ်ဆုံး ခေါင်းဆောင်တွေရဲ့ အဆင်ပြေမယ့်အချိန် ညှိနှိုင်းပြီး ရွှေ့တာဖြစ်ပါတယ် ” လို့ ဦးဇော်ဌေးက ပြောပါတယ်။
ပင်လုံညီလာခံတွေကို တနှစ် ၂ ကြိမ်၊ အနည်းဆုံး ၆ လ တကြိမ်ဆိုတဲ့ ပုံစံမျိုးနဲ့ ပြုလုပ်နေတာဖြစ်ပြီး negative ပုံစံမျိုးနဲ့ ရွှေ့ဆိုင်းတာမဟုတ်ဘဲ တိုင်းပြည်ရဲ့ ငြိမ်းချမ်းရေး အတွက် အကောင်းဆုံးဖြစ်နိုင်မယ့် အနေအထားကို စဉ်းစားပြီး နှစ်ဖက်ညှိနှိုင်းပြီး ရွေးချယ်လိုက်တာဖြစ်တယ်လို့ ဒေါက်တာလျန်မှုန်းဆာခေါင်းကလည်း ပြောပါတယ်။











