DVB Logo
Home
မြန်မာသတင်း
ငြိမ်းချမ်းရေးအတွက် သတ္တိရှိရန် နိုင်ငံတော်အတိုင်ပင်ခံ တိုက်တွန်း
DVB
·
November 27, 2017
ငြိမ်းချမ်းရေးအတွက် သတ္တိရှိရန် နိုင်ငံတော်အတိုင်ပင်ခံ တိုက်တွန်း
1 / 4
Donate to DVB

ပြည်တွင်း ငြိမ်းချမ်းရေးအတွက် အလျှော့အတင်းလုပ်ဖို့နဲ့ လိုအပ်တဲ့ အဖြေရှာရဲတဲ့ သတ္တိရှိရမယ်လို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပါတယ်။

နိုဝင်ဘာ ၂၇ ရက်က နေပြည်တော် အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေး ဗဟိုဌာန (NRPC) မှာ ပြုလုပ်တဲ့ တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူ စာချုပ် အကောင်အထည်ဖော်မှုဆိုင်ရာ ညှိနှိုင်း အစည်းအဝေး (JICM) အဖွင့်မိန့်ခွန်းမှာ အခုလို ပြောတာပါ။

ငြိမ်းချမ်းရေးကို ငြိမ်းချမ်းတဲ့နည်းနဲ့ ဖြေရှင်းတဲ့နည်းဟာ လွယ်ကူတဲ့ကိစ္စ မဟုတ်သလို ငြိမ်းချမ်းရေးအတွက် လိုအပ်တဲ့ အဖြေတွေကို ရှာရဲတဲ့သတ္တိ ရှိရမယ်လို့ ဆိုပါတယ်။

“ဒီအဖြေတွေကို ရနိုင်၊ မရနိုင် ဆိုတာကိုလည်း မှန်မှန်ကန်ကန် သုံးသပ်နိုင်ရပါမယ်။ ဒါကြောင့်မို့လို့ အလျှော့အတင်း လုပ်တာဟာ အင်မတန်မှ အရေးကြီးပါတယ်။ ကျမတို့ဟာ ရင်ဆိုင်ရဲတဲ့သတ္တိ ဆိုတာဟာ အမှန်တရားကို ရင်ဆိုင်ရဲတဲ့သတ္တိလည်း ပါသလို ကျမတို့ဟာ လိုတဲ့နေရာမှာ အလျှော့အတင်းလုပ်ဖို့ အဆင်သင့်ဖြစ်ဖို့ လိုပါတယ်။ ချက်ချင်းလက်ငင်း အဖြေတွေရှာလို့ မရသေးဘူး ဆိုရင်လည်း ရှာလို့ မရသေးဘူး ဆိုတာကို သေသေချာချာ ရင်ဆိုင်ပြီးတော့ အဖြေရအောင် ရှာရမှာပါ။ တကယ်ပဲ ဆန္ဒရှိတယ်ဆိုလို့ရှိရင် ဘာမဆို မလုပ်နိုင်စရာ အကြောင်းမရှိပါဘူး” လို့ နိုင်ငံတော်အတိုင်ပင်ခံက ပြောပါတယ်။

အခုပြုလုပ်တဲ့ JICM အစည်းအဝေးဟာ ဒီမိုကရေစီအစိုးရ ငါးနှစ်သက်တမ်း ကာလအတွင်းမှာ ဒုတိယအကြိမ် ကျင်းပတဲ့အစည်းအဝေး ဖြစ်ပါတယ်။

ဒီအစည်းအဝေးမှာ ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJ) နဲ့ ပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ (JMC) ဆွေးနွေးပွဲတွေက သဘောတူထားတဲ့ အချက်တွေကို အတည်ပြုဖို့ ဆွေးနွေးကြရမှာဖြစ်ပြီး ကိုယ့်ရဲ့ လိုအင်ဆန္ဒတွေကို ရှေ့တန်းမတင်ကြဖို့ ဒုတပ်မတော်ကာကွယ်ရေးဦးစီးချုပ်  ဒု-ဗိုလ်ချုပ်မှူးကြီးစိုးဝင်းက ပြောပါတယ်။

“ဒီလို ဆွေးနွေးအတည်ပြုရာမှာ ပုထုဇဉ်လူသားများ ဖြစ်ကြတဲ့အတွက် မိမိရဲ့ လိုအင်ဆန္ဒ အသီးသီးကို အလွန်အကျွံ ရှေ့တန်းမတင်ဘဲ နိုင်ငံတော်နဲ့ နိုင်ငံသားများအတွက် ပကတိ လိုအပ်ချက်ဖြစ်တဲ့ ဒို့တာဝန်အရေးသုံးပါးကို လိုက်နာစောင့်ထိန်းလိုစိတ်၊ ပါတီစုံ ဒီမိုကရေစီ လမ်းကြောင်းကို ခိုင်ခိုင်မြဲမြဲနဲ့ ရာသက်ပန် လိုက်နာစောင့်ထိန်းလိုစိတ်များကို အခြေခံပြီး ဆွေးနွေး အတည်ပြုနိုင်ရေးကိုလည်း ပြောကြားလိုပါတယ်၊ ဒီလို ဆွေးနွေး အတည်ပြုရာမှာလည်းပဲ အပြန်အလှန် ယုံကြည်မှုနဲ့ ပူးပေါင်းဆောင်ရွက်မှုမှာ အလေးထားပြီး ဆောင်ရွက်ရမှာဖြစ်ပါတယ်။”

ဒါ့အပြင် ငြိမ်းချမ်းရေးကို တည်ဆောက်ချိန်အတွင်း ကြားကာလတွေမှာ နည်းလည်မှု လွဲမှား စေနိုင်တဲ့ ကိစ္စရပ်တွေ ရှေ့တန်းတင်တာ၊ နိုင်ငံတော်အစိုးရရဲ့ အုပ်ချုပ်ရေး လုပ်ငန်းစဉ်တွေ အပေါ် ဝင်ရောက်စွက်ဖက်တာ၊ ကျော်လွှားလုပ်ဆောင်တာ စတဲ့အချက်တွေကိုလည်း လက်အောက်က တပ်ဖွဲ့ဝင်တွေကို စောင့်ထိန်းလိုက်နာကြဖို့လည်း လမ်းညွှန်ကြီးကြပ်ပေးကြဖို့ လိုအပ်တယ်လို့ ပြောပါတယ်။

နေပြည်တော်ရှိ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန(NRPC) မှာ နိုဝင်ဘာ ၂၇ ရက်က JICM အစည်းအဝေးကို   ပြုလုပ်တာဖြစ်ပါတယ်။

အစည်းအဝေးကို နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ်၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်နဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေ တက်ရောက်ကြပါတယ်။

NCA အကောင်အထည်ဖော်မှု ပြန်လည်သုံးသပ်ခြင်းဆိုင်ရာ အလုပ်အဖွဲ့ အစည်းအဝေး အစီရင်ခံစာတင်ပြတာ၊ ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ(UPDJC) က ရေးဆွဲထားတဲ့ ToR နဲ့ SOP တွေ တင်ပြတာ၊ အတည်ပြုတာ၊ JMC က ဆက်ဆံရေးရုံး ToR ကို တင်ပြ အတည်ပြုတာ၊ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲများဆိုင်ရာ ကိစ္စတင်ပြတာ၊ ပြည်ထောင်စု သဘောတူစာချုပ် အကောင်အထည်ဖော်ခြင်းဆိုင်ရာ ကိစ္စရပ်တွေ စတာတွေကို ဆွေးနွေးကြမှာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013