DVB Logo
Home
မြန်မာသတင်း
သယံဇာတတူးဖော်မှုမှရသည့် ၀င်ငွေများ နိုင်ငံတော်ဘဏ္ဍာထဲ ထည့်ရန် ဆုံးဖြတ်
DVB
·
November 26, 2017
သယံဇာတတူးဖော်မှုမှရသည့် ၀င်ငွေများ နိုင်ငံတော်ဘဏ္ဍာထဲ ထည့်ရန် ဆုံးဖြတ်
Donate to DVB

သယံဇာတတွေ တူးဖော်တာက ရတဲ့ ဝင်ငွေအားလုံးကို ဝန်ကြီးဌာနတွေ ကိုင်တွယ်သုံးစွဲရတဲ့ ငွေစာရင်းထဲကို မထည့်ရတော့ပဲ နိုင်ငံတော်ဘဏ္ဍာငွေထဲကိုထည့်ဖို့ ပြည်သူ့လွှတ်တော်က ဆုံးဖြတ်ခဲ့ပါတယ်။

ပြည်သူ့လွှတ်တော်ရဲ့ ဆဋ္ဌမအကြိမ်မြောက်ပုံမှန်အစည်းအဝေး နောက်ဆုံးနေ့မှာ ဆုံးဖြတ်လိုက်တာပါ။ ဒီအဆိုကို ဒဂုံမဲဆန္ဒနယ်က ဒေါက်တာ သက်သက်ခိုင်က တင်သွင်းခဲ့ပြီး ကိုယ်စားလှယ် ၇ ယောက်က ဆွေးနွေးခဲ့ကြပါတယ်။

ဝန်ကြီးဌာနတွေရဲ့ နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းကရတဲ့ ငွေတွေကို လွှတ်တော်က စိစစ်ထိန်းကျောင်းနေတဲ့ ဘတ်ဂျက်ထဲကို အကုန်မထည့်ပဲ Other Account လို့ခေါ်တဲ့ သီးသန့်ငွေစာရင်းတွေဖွင့်ပြီး ကိုင်တွယ်သုံးစွဲတဲ့ စနစ်ကို ၂၀၁၂-၁၃ ဘဏ္ဍာနှစ်မှာ စတင်ခဲ့တယ်လို့ ကိုယ်စားလှယ်တယောက်က ပြောပါတယ်။

ချောက် မဲဆန္ဒနယ်က ဦးဘိုကြီးက “သီးသန့်ငွေစာရင်းကငွေကို အသုံးစရိတ်အဖြစ်သုံးတယ်။ သာမာန် အသုံးစရိတ်၊ နိုင်ငံတော်ကို ထည့်ဝင်ငွေကို နိုင်ငံတော် ဘတ်ဂျက်က ကျခံရတယ်။ နိုင်ငံပိုင်လုပ်ငန်းက ရတဲ့ အမြတ်ငွေထဲက ကုန်သွယ်ခွန်ပေးဆောင်ပြီး အမြတ်ငွေ ၂၀ ရာခိုင်နှုန်းကို နိုင်ငံတော်ကိုထည့်ဝင်ပြီး ကျန်ငွေ အားလုံးကို နိုင်ငံပိုင် စီးပွားရေးလုပ်ငန်းတွေက ရယူသွားပါတယ်” လို့ ပြောပါတယ်။

အဲဒီနောက် ဆက်တိုက်ဘဏ္ဍာနှစ်တွေမှာတော့ နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းတွေရဲ့ ဝင်ငွေက တိုးသထက် တိုးလာပြီး ပြည်သူ့ဘဏ္ဍာငွေကတော့ နည်းသထက် နည်းလာတယ်လို့ သူက ဆက်ပြောပါတယ်။

သန်လျင်မဲဆန္ဒနယ်က ဦးလွင်ကိုလတ်က “ကိုယ်စားလှယ်တယောက် ပြောခဲ့တာက သီးသန့် ငွေစာရင်းတွေထဲမှာ ၄ ဒသမ ၃ ထရီလီယံ (ကျပ်ကုဋေပေါင်း လေးသိန်း သုံးသောင်းကျော်) ရှိတယ်လို့ ပြောတယ်။ ကျနော်သိတာက ၁၁ ဒသမ ၉ ထရီလီယံ (ကျပ်ကုဋေပေါင်း ဆယ့်တသိန်း ကိုးသောင်းကျော်) ရှိတယ်လို့ သိပါတယ်။ ကျနော်တို့ ကိုယ်စားလှယ်တွေတောင် ကွဲလွဲနေတယ်ဆိုရင် ပွင့်လင်းမြင်သာမှု အားနည်းနေတာကို တွေ့ရပါတယ်” လို့ ဆွေးနွေးရာမှာ ထည့်သွင်းပြောခဲ့ပါတယ်။

ဒီအဆိုကို မှတ်တမ်းအဖြစ်ပဲ ထားပေးဖို့ သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ဝန်ကြီးနဲ့ စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီးဌာန ဒု ဝန်ကြီးက လွှတ်တော်ကို ပြောပါတယ်။

စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီးဌာန ဒု ဝန်ကြီး ဦးမောင်မောင်ဝင်းက “ဒီငွေတွေကို ကိုယ်တိုင်သုံးတယ်ဆိုပေမယ့် နှစ်ကုန်ရင် စာရင်းစစ်ချုပ်က စစ်ဆေးပါတယ်။ ဒီစာရင်းတွေဟာ ပြည်ထောင်စု ဘဏ္ဍာရန်ပုံငွေထဲမှာပဲ ရှိနေတာပါ။ လုပ်ငန်းဆောင်ရွက်ရ လွယ်ကူအောင် သီးသန့်စာရင်းတွေ ဖွင့်ထားရတာ ဖြစ်ပါတယ်” လို့ ပြောပါတယ်။

ဝန်ကြီးဌာနမှာ ဒီစာရင်းတွေနဲ့ ပတ်သက်ပြီး စစ်ဆေးတဲ့ ဌာနလည်းရှိပြီး သီးသန့်စာရင်း ၃၀၄၅ ခုကို မလိုအပ်တော့လို့ ပိတ်သိမ်းခဲ့တယ်လို့ သူက ဆိုပါတယ်။ ပြီးတော့ စာရင်းပေါင်း ၆၁၀၈ ခုကိုတော့ ဆက်လက်ဖွင့်ထားဆဲ ဖြစ်တယ်လို့လည်း သူက ဆက်ပြောပါတယ်။

ဒီအဆိုကို အတည်ပြုဖို့အတွက် လွှတ်တော်မှာ မဲခွဲဆုံးဖြတ်ရာမှာတော့ ထောက်ခံမဲ ၃၂၅ မဲ၊ ကြားနေမဲ ၃ မဲနဲ့ ကန့်ကွက်မဲ ၆၈ မဲရှိပြီး အတည်ပြုခဲ့တာပါ။

သီးသန့် ငွေစာရင်းတွေထဲမှာ ရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်ငန်းရဲ့ ငွေစာရင်းက အများဆုံးဖြစ်ပြီး ကျန်းမာရေးနဲ့ ပညာရေး အသုံးစရိတ်ထက် ပိုများတယ်လို့ လေ့လာနေတဲ့ အဖွဲ့တခုက ဖော်ပြထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013