DVB Logo
Home
မြန်မာသတင်း
မြန်မာအမျိုးသမီးအား အဓမ္မပြုကျင့်သည့် တရုတ်အမျိုးသားကို အရေးယူပေးရန် တောင်းဆိုသူများ အလုပ်ပြုတ်
DVB
·
November 26, 2017
မြန်မာအမျိုးသမီးအား အဓမ္မပြုကျင့်သည့် တရုတ်အမျိုးသားကို အရေးယူပေးရန် တောင်းဆိုသူများ အလုပ်ပြုတ်
Donate to DVB

လာအိုနိုင်ငံမှာ မြန်မာအမျိုးသမီးလုပ်သားတယောက်ကို တရုတ်အမျိုးသား တယောက်က အဓမ္မပြုကျင့်တာနဲ့ ပတ်သက်ပြီး အရေးယူပေးဖို့ ဝိုင်းဝန်းတောင်းဆိုလို့ မြန်မာလုပ်သား အယောက် ၁၀၀ ကျော်ကို ဒီကနေ့ မနက်ပိုင်းက အလုပ်ဖြုတ်လိုက်ပါတယ်။

ရွှေတြိဂံဒေသ၊ လာအိုနိုင်ငံဘက်ခြမ်းမှာ အလုပ်သွားရောက်လုပ်ကိုင်နေတဲ့ မြန်မာနိုင်ငံသား အမျိုးသမီးတယောက်ကို နိုဝင်ဘာ ၁၉ ရက်နေ့ မနက်ပိုင်းက တရုတ်နိုင်ငံသားတဦးက အဓမ္မပြုကျင့်ခဲ့တာပါ။

“အဲဒီလိုပြုကျင့်တဲ့ တရုတ်အမျိုးသားကို မြန်မာတွေက ၀ိုင်းဖမ်းပြီး သက်ဆိုင်ရာကို အပ်ခဲ့ပါတယ်။ ပြီးတော့ အဲဒီတရုတ်အမျိုးသားကို အရေးယူပေးဖို့ ၀ိုင်းဝန်းတောင်းဆိုခဲ့ပါတယ်။ အဲဒီရဲ့နောက်ဆက်တွဲကတော့ ကျနော်တို့ မြန်မာလုပ်သား ၁၀၀ ကျော်ကို ဒီကနေ့ အလုပ်ထုတ်လိုက်တာပါပဲ” လို့ လာအိုနိုင်ငံရောက် မြန်မာလုပ်သားတဦးက ပြောပါတယ်။

အခုလက်ရှိ အလုပ်ဖြုတ်ခံလိုက်ရတဲ့ မြန်မာလုပ်သားတွေဟာ တရုတ်အမျိုးသားပိုင် ကုံယိလုံဆောက်လုပ်ရေးကုမ္ပဏီမှာ လုပ်ငန်းလုပ်ကိုင်နေကြတဲ့သူတွေဖြစ်ပြီး သူတို့လုပ်ကိုင်ခဲ့တဲ့ နေ့တွက်လုပ်အားခကိုတာ ကုမ္ပဏီက ထုတ်ပေးပြီး နစ်နာကြေးတော့ မရကြဘူးလို့ သိရပါတယ်။

“အခုလို အလုပ်ထုတ်လိုက်တာနဲ့ ပတ်သက်ပြီး နစ်နာကြေးတို့၊ မြန်မာနိုင်ငံပြန်ဖို့ လမ်းစရိတ်တို့ ဘာမှ မပေးပါဘူး။ ကျနော်တို့ အလုပ်ဆင်းခဲ့တဲ့နေ့တွက်ကိုပဲ ထုတ်ပေးတာဖြစ်ပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ကျနော်တို့အလုပ်ထုတ်ခံလိုက်ရတဲ့ လုပ်သားတွေအနေနဲ့ အများကြီးနစ်နာပါတယ်” လို့ လာအိုနိုင်ငံရောက် မြန်မာလုပ်သား တစ်ဦးက ပြောပါတယ်။

တရုတ်အမျိုးသားပိုင် ကုံယိလုံဆောက်လုပ်ရေးကုမ္ပဏီက အလုပ်ထုတ်ခံလိုက်ရတဲ့ မြန်မာလုပ်သားတွေဟာ လာအိုနိုင်ငံက မြန်မာရွာက ရွှေတြိဂံဘုန်းကြီးကျောင်းမှာ ခဏနားခိုနေကြပြီး တချို့ကတော့ မြန်မာနိုင်ငံဘက်ခြမ်းကို ပြန်ကြမှာဖြစ်ပါတယ်။

“မြန်မာအာဏာပိုင်တွေကတော့ ကျနော်တို့ ဒီမှာဖြစ်တဲ့ကိစ္စတွေနဲ့ ပတ်သက်ပြီး ဘာမှဆောင်ရွက်ပေးတာ ညှိုနှိုင်းပေး တာမရှိပါဘူး။ ကျနော်တို့နည်း ကျနော်တို့ဟန်နဲ့ပဲ အဆင်ပြေသလို ဖြေရှင်းနေရပါတယ်” လို့ လာအိုနိုင်ငံရောက် မြန်မာလုပ်သားတဦးကပြောပါ တယ်။

မြန်မာအမျိုးသမီးကို အဓမ္မပြုကျင့်တဲ့ တရုတ်နိုင်ငံသားဟာ တရုတ်နိုင်ငံ၊ တုံပေနယ်က ဖြစ်တယ်လို့ သိရပြီး ကုံယိလုံဆောက်လုပ်ရေးကုမ္ပဏီမှာ အလုပ်သမားကြီးကြပ်အဖြစ် အလုပ် ကိုင်နေတာဖြစ်ပါတယ်။

အဓမ္မပြုကျင့်ခံရတဲ့ မြန်မာအမျိုးသမီးကတော့ တရုတ်နိုင်ငံသားပိုင် ဆောက်လုပ်ရေးကုမ္ပဏီ မှာ အလုပ်သမအဖြစ် ၀င်ရောက်လုပ်ကိုင်နေသူဖြစ်ပါတယ်။

အဓမ္မပြုကျင့်တဲ့ တရုတ်နိုင်ငံသားကိုတော့ လာအိုနိုင်ငံက ထိန်းသိမ်းထားပါတယ်။ ခွန်ဇော်ဦး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013