DVB Logo
Home
မြန်မာသတင်း
မြို့ကြီးများတွင် ဖြစ်တတ်သည့် ဘေးအန္တရာယ်နှင့်ပတ်သက်၍ ဆွေးနွေးပွဲ ပြုလုပ်
DVB
·
November 25, 2017
မြို့ကြီးများတွင် ဖြစ်တတ်သည့် ဘေးအန္တရာယ်နှင့်ပတ်သက်၍ ဆွေးနွေးပွဲ ပြုလုပ်
1 / 11
Donate to DVB

စစ်ကိုင်းတိုင်းဒေသကြီး၊ တိုင်းမီးသတ်ဦးစီးဌာနမှာ မြို့ကြီးတွေမှာ ဖြစ်ပွားတတ်တဲ့ ဘေးအန္တရာယ်တွေနဲ့ ပတ်သက်ပြီး အလုပ်ရုံဆွေးနွေးပွဲတစ်ရပ်ကို တိုင်းဒေသကြီး မီးသတ်ဦးစီးမှုးရုံးနဲ့ မြန်မာထရီလီယံဂရုထရိတ်ဒင်း ကုမ္ပဏီလီမိတက်တို့ ပူးပေါင်းပြီး နိုဝင်ဘာလ ၂၅ ရက်နေ့က တစ်ရက်တာကျင်းပခဲ့ပါတယ်။

ဆွေးနွေးပွဲကို တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် နယ်လုံဝန်ကြီး၊ လူမှုရေးဝန်ကြီးတို့လည်း တက်ရောက်ခဲ့ပြီး တိုင်း၊ ခရိုင်၊ မြို့နယ်က မီးသတ်တပ်ဖွဲ့ဝင်တွေ၊ ကြက်ခြေနီအဖွဲ့၊ နိုင်ငံခြားက ပညာရှင်တွေ တက်ရောက်ဆွေးနွေးကာ လက်တွေ့သရုပ်ပြတာတွေကိုပါ လုပ်ဆောင်ခဲ့ပါတယ်။

“ခေတ်မီဖွံ့ဖြိုးတိုးတက်လာတာနဲ့အမျှ မြို့ကြီးတွေမှာ လူလုပ်ဘေးအန္တရာယ်၊ သဘာဝ ဘေးအန္တရာယ်တွေအပြင် အကြမ်းဖက်မှုတွေကိုပါ နေ့စဉ်ကြုံတွေ့လာရတယ်။ ဒါတွေဖြစ်လာတဲ့အခါ လက်တွေ့ကိုင်တွယ်ဖြေရှင်းရတဲ့ ကယ်ဆယ်ရေးတပ်ဖွဲ့ဝင်တွေရဲ့ စွမ်းဆောင်ရည်မြင့်မားမှု၊ အသုံးပြုတဲ့ ပစ္စည်းကိရိယာကျွမ်းကျင်မှု၊ အသုံးပြုတဲ့ပစ္စည်းကိရိယာ ပြည့်စုံမှုက ကြီးမားတဲ့ စိန်ခေါ်မှုတွေဖြစ်တယ်။ ဒီဆွေးနွေးခေါင်းစဉ်က ကျယ်ပြန့်ပြီး ဆွေးနွေးတာက တစ်ရက်တည်းဆိုတော့ ပြီးပြည့်စုံတဲ့ဆွေးနွေးပွဲ မဖြစ်နိုင်ပေမယ့် မူဝါဒချမှတ်သူတွေအတွက်၊ ပြည်သူလူထုအတွက်၊ လိုက်နာဆောင်ရွက်သူတွေအတွက်၊ ကြိုတင်ကာကွယ်ရေး၊ ထိရောက်တဲ့ တုံ့ပြန်မှုလုပ်ဆောင်ရေး၊ ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေ လုပ်ဆောင်ရာမှာ တစ်စုံတစ်ရာအထောက်အကူပြုနိုင်မယ်လို့ မျှော်လင့်တဲ့အတွက် ဒီဆွေးနွေးပွဲကို လုပ်ရတာဖြစ်တယ်” လို့ မြန်မာထရီလီယံဂရုထရိတ်ဒင်း ကုမ္ပဏီလီမိတက်မှ ဒေါက်တာဇော်မျိုးဆွေကပြောပါတယ်။

ဒီမြန်မာထရီလီယံဂရုထရိတ်ဒင်း ကုမ္ပဏီလီမိတက်အနေနဲ့ ပစ္စည်းရောင်းချတာတင်မက ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်တွေအတွက် လိုအပ်တဲ့ လက်တွေ့သင်တန်းတွေကို နိုင်ငံခြားက ကျွမ်းကျင်ပညာရှင်တွေနဲ့ သင်ကြားပေးခဲ့တာ အခုတကိမ်အပါအဝင် ၅၄ ကြိမ်ရှိပြီလို့ဆိုပါတယ်။

ဒီလိုသင်တန်းတွေ၊ ဆွေးနွေးပွဲတွေလုပ်ရတာက လက်တွေ့လုပ်ဆောင်တဲ့အခါ အခက်အခဲနည်းပါစေရေး၊ လုံခြုံရေး၊ ပစ္စည်းကိရိယာတွေ ရေရှည်အသုံးခံနိုင်ရေးတို့မှာ အထောက်အကူပြုစေတယ်လို့လည်း ဆိုပါတယ်။

ဒီနေ့ကျင်းပတဲ့ အလုပ်ရုံဆွေးနွေးပွဲမှာ ကယ်ဆယ်ရေးပစ္စည်းမျိုးစုံကိုလည်း ခင်းကျင်းပြသခဲ့သလို လက်တွေ့အသုံးချနည်းတွေကိုပါ သရုပ်ပြဆောင်ရွက်ခဲ့ပါတယ်။

“ခေတ်မီဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံတော်သစ် တည်ဆောက်နေချိန်ဖြစ်လို့ မမျှော်လင့်ဘဲ သဘာဝဘေး ပေါ်ပေါက်လာတဲ့အခါ ဆုံးရှုံးမှုနည်းပါးသည်ထက်နည်းပါးစေဖို့ ရေတိုရေရှည်စီမံချက်တွေနဲ့ စီမံဆောင်ရွက်ဖို့လိုသလို သဘာဝဘေးကျရောက်တဲ့အခါမှာလည်း အရေးပေါ်ရှာဖွေရေးနှင့် ကယ်ဆယ်ရေးကို စီမံထားတဲ့အတိုင်း တစ်မျိုးသားလုံး နိုးကြားစွာ ပါဝင်ဆောင်ရွက်နိုငစေရန် လိုအပ်တဲ့ အချိန်လည်းဖြစ်တယ်” လို့ နယ်လုံဝန်ကြီးကလည်း အမှာစကားပြောကြားခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ ဒီနှစ်အတွင်း ဇန်နဝါရီကနေ အောက်တိုဘာအထိ သဘာဝဘေးအန္တရာယ်ဖြစ်ပွားမှုနှင့် မတော်တဆထိခိုက်မှု ၁၃၈၃ ကြိမ်ဖြစ်ပွားခဲ့ပြီး ၅၇၆ ဦးသေဆုံးခဲ့ကာ ၂၄၄၀ ဦးတို့ကို မီးသတ်တပ်ဖွဲ့ဝင်တွေက ကယ်ဆယ်နိုင်ခဲ့ပါတယ်။

စစ်ကိုင်းတိုင်းအတွင်းမှာတော့ ဒီနှစ် အောက်တိုဘာကုန်အထိ ၁၃၅ ကြိမ်ဖြစ်ပွားခဲ့ပြီး ၄၂ ဦးသေဆုံးခဲ့ကာ ၁၈၆ ဦးတို့ကို ကယ်ဆယ်နိုင်ခဲ့တယ်လို့ တိုင်းမီးသတ်ဦးစီးဌာနက သတင်းတွေအရ သိရပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီးအတွင်းမှာ သန္ဓေ မီးသတ်တပ်ဖွဲ့ဝင် ၉၀၀ ကျော် နဲ့ အရန်မီးသတ် တပ်ဖွဲ့ဝင်ပေါင်း ၄၃၀၀၀ ကျော်ရှိပြီး မီးသတ်ကားပေါင်း ၃၆၀ လောက် ရှိတယ်လို့ သိရပါတယ်။

အောင်ကိုလတ်

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013