DVB Logo
Home
မြန်မာသတင်း
ကော့ကရိတ်တွင် ကာကွယ်ဆေးထိုးအပြီး ကလေးတချို့ မူးဝေအော့အန်
DVB
·
November 25, 2017
ကော့ကရိတ်တွင် ကာကွယ်ဆေးထိုးအပြီး ကလေးတချို့ မူးဝေအော့အန်
Donate to DVB

ကော့ကရိတ်မြို့နယ်မှာ ဂျပန်ဦးနှောက်ရောင် ကာကွယ်ဆေးထိုးအပြီး ကလေးတချို့ မူးဝေလို့ ဆေးရုံကို လာပြကြတယ်လို့ မြို့နယ် အုပ်ချုပ်ရေးမှူးက ပြောပါတယ်။

လှိုင်ဝရွာ အထက်တန်းကျောင်းခွဲမှာ နိုဝင်ဘာ ၂၂ နဲ့ ၂၃ ရက်တွေမှာ ဆေးထိုးပေးခဲ့ပြီး ၂၄ ရက်နေ့မှာ ကလေး ၂၉ ယောက် မူးဝေအော့အန်လို့ ကော့ကရိတ် ဆေးရုံကို လာပြခဲ့ရတာပါ။

မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရာဇာအေးက “ရွာမှာ ပွဲရှိတော့ ကလေးတွေ ပင်ပန်းနေတာလည်း ပါမယ်။ အခုက မူးဝေ အော့အန်တာပဲ ဖြစ်တာ။ ဆေးရုံတက်ဖို့တော့ မလိုဘူး။ စိုးရိမ်လို့ လာပြကြတာပါ။ သက်သာလို့ အားလုံး ပြန်သွားပါပြီ” လို့ ပြောပါတယ်။

မနေ့ညကလည်း ကလေး ၄ ယောက် ဆေးရုံလာပြခဲ့ပြီး ဒီနေ့မနက်မှာတော့ ပြန်သွားပြီလို့ သူက ဆက်ပြောပါတယ်။

ဂျပန်ဦးနှောက်ရောင်ရောဂါဟာ ကလေးတွေမှာ အဖြစ်များပြီး နှစ်စဉ် တနိုင်ငံလုံးမှာ လူ ၃၀၀ ဝန်းကျင် ဖြစ်နေပြီး ၁၀၀ လောက်သေဆုံးနေပါတယ်။ အသက်ရှင်တဲ့ ကလေးတွေဟာလည်း စိတ်နဲ့ ခန္ဓာကိုယ်မသန်စွမ်းတာတွေ ဖြစ်တတ်တယ်လို့ ကာကွယ်ဆေးထိုးလုပ်ငန်း စီမံချက် မန်နေဂျာ ဒေါက်တာ ထားထားလင်းက ပြောပါတယ်။

ကာကွယ်ဆေးထိုးတာကို နိုဝင်ဘာ ၁၅ ရက်နေ့က စတင်ခဲ့ပြီး ကျောင်းတွေမှာ လိုက်လံ ထိုးနှံနေတာပါ။ ဆေးထိုးပြီးရင် ဆေးထိုးထားတဲ့နေရာ နီရဲတာ၊ နာတာ၊ ရောင်တာ၊ ကလေး အီတာ၊ နည်းနည်းဖျားတာ၊ ပျို့အန် မူးဝေတာ စတဲ့ မပြင်းထန်တဲ့ တုံ့ပြန်မှုတွေ လောက်ပဲ ဖြစ်နိုင်ပြီး ၁ ရက် ၂ ရက်လောက် အတွင်းမှာ အလိုအလျောက် ပျောက်ကင်းသွားလေ့ရှိတယ်လို့ တိုးချဲ့ ကာကွယ်ဆေးထိုး လုပ်ငန်းက ကြိုတင် အသိပေးထားပါတယ်။

ဒါ့အပြင် ဆေးထိုးပြီး မူးမော်တာတွေ လျော့ဖို့အတွက် ကလေးတွေ ကာကွယ်ဆေးမထိုးခင်မှာ အစာ အရင်ကျွေးထားဖို့၊ ဆေးထိုးပြီးကလေးကိုတော့ ဂက်စ်မပါတဲ့ အချိုရည် ဒါမှမဟုတ် ရေတိုက်နိုင်တဲ့ အကြောင်းနဲ့ ကျောင်းဆရာ၊ ဆရာမတွေအနေနဲ့ကတော့ ကလေးတွေကို နေပူကျဲကျဲ အောက်မှာ အကြာကြီး တန်းစီစောင့်ဆိုင်းနေရတာမျိုး မဖြစ်အောင်လို့ ကူညီပေးစေလိုကြောင်းလည်း  မေတ္တာရပ်ခံထားပါတယ်။

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013