DVB Logo
Home
မြန်မာသတင်း
ဒုက္ခသည်များ ပြန်ပို့ရေး လုံခြုံစိတ်ချရသည့်အခြေနေ မရှိသေးဟု ကုလပြော
DVB
·
November 25, 2017
ဒုက္ခသည်များ ပြန်ပို့ရေး လုံခြုံစိတ်ချရသည့်အခြေနေ မရှိသေးဟု ကုလပြော
Donate to DVB

ဘင်္ဂလားဒေ့ရှ်ရောက် ဒုက္ခသည်တွေ မြန်မာနိုင်ငံ ပြန်ပို့ဖို့ လုံခြုံစိတ်ချရတဲ့အခြေအနေ မရှိသေးဘူးလို့ ကုလသမဂ္ဂက ပြောပါတယ်။

မြန်မာနိုင်ငံကို ဒုက္ခသည်တွေ ပြန်ပို့ဖို့ကိစ္စ ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာအစိုးရတို့ သဘောတူညီချက် ရသွားပေမယ့်  ဘင်္ဂလားဒေ့ရှ်ကို ထွက်ပြေးသွားတဲ့ ဒုက္ခသည် ၆ သိန်းကျော် သူတို့နေရပ်တွေဆီ ပြန်လာနိုင်ဖို့အတွက် ရခိုင်ပြည်နယ်ထဲက အခြေအနေတွေဟာ လုံခြုံစိတ်ချရတဲ့ အခြေအနေကို အာမမခံနိုင်သေးဘူးလို့ ဂျီနီဗာမှာ နိုဝင်ဘာ ၂၄ ရက် ပြုလုပ်တဲ့ သတင်းရှင်းလင်းပွဲမှာ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး (UNHCR) ပြောခွင့်ရပုဂ္ဂိုလ် အဒ်ဒရီယန် အဒ်ဒ၀ါ့ဒ်က ပြောသွားတာပါ။

"လတ်တလောမှာတော့ မြန်မာနိုင်ငံ ရခိုင်ပြည်နယ်ထဲက အခြေအနေတွေက ဘေးကင်းလုံခြုံ စိတ်ချလက်ချ ပြန်နိုင်ဖို့ မသေချာသေးတဲ့ အခြေအနေပါ။ ဒုက္ခသည်တွေက ထွက်ပြေးလာနေတုန်းပဲ။ အတော်များများက အကြမ်းဖက် ညှဉ်းဆဲခံရမှုတွေ၊ မုဒိမ်းမှုတွေ ကြုံတွေ့ခဲ့ရပြီးတော့ သူတို့မှာ စိတ်ပိုင်းရုပ်ပိုင်း ကြီးကြီးမားမား နာကျင်ထိခိုက်နေရတုန်းပါပဲ။ တချို့တွေဟာ သူတို့မိသားစုဝင်တွေနဲ့ မိတ်ဆွေတွေရဲ့ သေဆုံးမှုကို မျက်မြင်တွေ့ခဲ့ရတယ်။ အများစုကတော့ သိပ်မပြန်ချင်ကြသူတွေနဲ့ လုံးဝကို ပြန်မသွားချင်တော့တဲ့သူတွေ။ သူတို့အိမ်တွေ၊ ရွာတွေ ပျက်စီးသွားပြီ။ နှစ်ဖက် အသိုင်းအဝိုင်းကြားက နက်ရှိုင်းတဲ့ ခွဲခြားချက်တွေက မဖြေရှင်းရသေးဘူး။ ရခိုင်ပြည်နယ်မြောက်ပိုင်းက လူသားချင်းစာနာမှုဆိုင်ရာ ဝင်ရောက်သွားလာခွင့်ကလည်း မပြောပလောက်ပါဘူး။"

ဒုက္ခသည်တွေ မြန်မာနိုင်ငံ ပြန်ပို့ရေးလုပ်ငန်းစဉ် သဘောတူညီချက် ရရှိထားပြီလို့ နိုဝင်ဘာ ၂၃ ရက်နေ့က မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် အစိုးရတို့က ကြေညာထားပါတယ်။

ကုလသမဂ္ဂကတော့ ဒီသဘောတူညီချက်ကို ခုထိ မမြင်ရသေးပေမယ့် ဒုက္ခသည်တော်တော်များများဟာ သူတို့ကြုံတွေ့ခဲ့ရတာတွေကြောင့် စိတ်ဒဏ်ရာ နက်နက်ရှိုင်းရှိုင်း ရနေတုန်းပဲလို့ ပြောပါတယ်။

"သူတို့ပြန်မယ့်ကိစ္စတွေသာ ဖြစ်လာတော့မယ်ဆိုရင် သူတို့စိတ်ဆန္ဒအရ ပြန်တာမျိုးသာ ဖြစ်ရမှာပါ။ လုံခြုံဘေးကင်းပြီး ဂုဏ်သိက္ခာရှိတဲ့ အခြေအနေတွေမှာ ရှိပါတယ် ဆိုတာမျိုး သူတို့ကို အသိပေးရမယ်။ သူတို့အတွက် နိုင်ငံတကာစံနှုန်းတွေ မီရင် ကြိုဆိုရမှာပါ" လို့ အဒ်ဒရီယန် အဒ်ဒ၀ါ့ဒ်က ပြောပါတယ်။

ဒီလောက် လူအများကြီး အစုလိုက်အပြုံလိုက် ရွှေ့ပြောင်းသွားရတဲ့ အခြေခံအကြောင်းတရားတွေကို ဖြေရှင်းပေးရမယ်လို့လည်း ပြောပါတယ်။

"အရေးကြီးတာက လူတွေကို အကျဉ်းချထားသလိုနေရာမျိုးကို ပြန်ပို့ပြီးတော့ ဒီကိစ္စကို အဆုံးသတ်တာမျိုး မဖြစ်စေဖို့ အရေးကြီးပါတယ်။ ဒီကိစ္စအတွက် အဖြေတခုရှိတယ်ဆိုရင် လတ်တလော ရေတိုအတွက်ပဲ မဖြစ်သင့်ပါဘူး။ ဒါဟာ ရေရှည်မှာလည်း ဖြေရှင်းဆောင်ရွက်နိုင်တာမျိုးသာ ဖြစ်ရပါမယ်။ ကျနော်တို့ ခဏခဏ မြင်တွေ့ကြားသိနေရတဲ့ ဝိုင်းဖယ်ကျဉ်ထားခြင်း၊ အယုံအကြည်မရှိခြင်း၊ အကြမ်းဖက်တိုက်ခိုက်မှုနဲ့ လူအစုလိုက် ရွှေ့ပြောင်းထွက်ခွာကြတဲ့ သံသရာပဲ လည်နေတာမျိုးဆီ ပြန်ပို့တာမျိုး မဖြစ်စေရအောင် သေချာရပါမယ်။"

အကြမ်းဖက်မှုတွေကြောင့် ရခိုင်ပြည်နယ်မြောက်ပိုင်းကနေ ထွက်ခွာသွားသူ ၆ သိန်းကျော်ရှိနေတယ်လို့ ဆိုပါတယ်။

ကုလသမဂ္ဂကတော့ ၂ နိုင်ငံကြား သဘောတူညီချက် အသေးစိတ်ကို မြင်တွေ့ရဖို့ မျှော်လင့်နေပြီး နိုင်ငံတကာ ဒုက္ခသည်ရေးရာနဲ့ လူ့အခွင့်အရေးဆိုင်ရာ စံနှုန်းတွေအတိုင်းဖြစ်စေဖို့ ဘင်္ဂလားဒေ့ရှ်က ဒုက္ခသည်တွေအတွက် ဖြေရှင်းစရာနည်းလမ်းအတွက် အစိုးရ ၂ ရပ်လုံးကို ကူညီဖို့ အဆင်သင့်ရှိနေတယ်လို့ ကုသလမဂ္ဂ အစီရင်ခံစာထဲမှာ ဖော်ပြထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013