DVB Logo
Home
မြန်မာသတင်း
ထိုင်းတွင် မြန်မာ ၂ ဦး သေနတ်ဖြင့်ပစ်ခံရ၊ သေနတ်သမား ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်
DVB
·
November 24, 2017
ထိုင်းတွင် မြန်မာ ၂ ဦး သေနတ်ဖြင့်ပစ်ခံရ၊ သေနတ်သမား ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်
Donate to DVB

ထိုင်းနိုင်ငံအလယ်ပိုင်း ပထုန်ဌာနီခရိုင်မှာ မနေ့ နေ့ခင်းပိုင်းက မြန်မာအလုပ်သမားချင်း သေနတ်နဲ့ပစ်ခတ်မှု ဖြစ်ပွားပြီး ၂ ဦး ဒဏ်ရာရသွားကာ သေနတ်သမားလည်း သူ့ကိုယ်သူ အဆုံးစီရင်သွားတယ်လို့ ချန်နယ် ၇ တီဗွီသတင်းမှာ ဖော်ပြပါတယ်။

နိုဝင်ဘာ ၂၃ ရက် မွန်းလွဲ ၁ နာရီခွဲလောက်က ပထုန်ဌာနီခရိုင် ဆာမ်ဖရန်းမြို့နယ် လိုက်ခင်ရပ်ကွက် မော်ဆရီလမ်းထဲမှာ သေနတ်ပစ်ခတ်မှု ဖြစ်ပွားကြောင်း သတင်းရရှိတဲ့အတွက် တာဝန်ရှိသူတွေနဲ့အတူ သွားရောက်စစ်ဆေးရာမှာ အသက် ၂၄ နှစ်ရွယ် မြန်မာလုပ်သားတဦးက သေနတ်နဲ့ပစ်ခတ်တဲ့အတွက် အသက် ၁၇ နှစ်အရွယ် မြန်မာမိန်းကလေးတဦးနဲ့ ၂၃ နှစ်ရွယ် မြန်မာ အမျိုးသားတဦးတို့ ဒဏ်ရာရသွားတယ်လို့ ဖိုးထိကယောက်နယ်မြေ ရဲစခန်း တာဝန်ရှိသူက သတင်းထောက်တွေကို ပြောပါတယ်။

အနီးနားရှိ မျက်မြင်သက်သေတွေရဲ့ ပြောပြချက်အရ အဲဒီနေ့ နေ့ခင်းပိုင်းက မြန်မာအလုပ်သမားတွေ ငှားနေတဲ့ အိမ်ခန်းဘက်ကနေ သေနတ်သံတွေကြားလို့ အားလုံးထွက်ကြည့်ရာမှာ ဓာတ်မီးတိုင်အနီး ဆိုင်ကယ်ဘေးမှာ အမျိုးသမီးတယောက်နဲ့ အမျိုးသားတယောက်တို့ လဲကျနေတာ တွေ့ရကြောင်း၊ အဲဒီနောက် ဒဏ်ရာရ အမျိုးသားက လူတယောက်နောက်ကို ဓားနဲ့လိုက်ထိုးခဲ့ပြီး ဓားထိုးခံရသူက ထွက်ပြေး လွတ်မြောက်သွားတယ်လို့ ဆိုပါတယ်။

သေနတ်နဲ့ပစ်ခတ်သူမှာ ဒဏ်ရာရ မိန်းကလေးရဲ့ ဦးလေးတော်သူဖြစ်ကြောင်း၊ ဦးလေးမှ  ဇနီးဖြစ်သူရဲ့ တူမကို တဖက်သတ် ကြိုက်နေတာဖြစ်ကြောင်း၊ အခင်းဖြစ်တဲ့နေ့က မိန်းကလေးနဲ့ အမျိုးသားတယောက် ဆိုင်ကယ်အတူစီးလာတာ တွေ့တဲ့အတွက် သဝန်တိုပြီး သေနတ်နဲ့ ပစ်ခတ်ခဲ့ကြောင်း၊ မိန်းကလေးနဲ့ လိုက်လာတဲ့သူမှာ သူမရဲ့ ရည်းစားမဟုတ်ဘဲ အစ်ကိုသာ ဖြစ်တယ်လို့ အိမ်နီးချင်းတွေက ပြောပါတယ်။

ပစ်ခတ်မှုကြောင့် မိန်းကလေးက ဦးခေါင်းမှာ ဒဏ်ရာရပြီး အမျိုးသားက ရင်ဘတ်မှာ ဒဏ်ရာရကြောင်း၊ သူတို့ကို ဆေးရုံ အမြန်ပို့ဆောင်ပေးပြီး ဒဏ်ရာမှာ စိုးရိမ်ရတဲ့ အခြေအနေ ရှိတယ်လို့  ဆိုပါတယ်။

တာဝန်ရှိသူတွေက အခင်းဖြစ်တဲ့ နေရာအနီးက ပွိုင့် ၃၈ ကျည်ခွံ ၃ ခုနဲ့ ကျောပိုးအိတ်တလုံးကို သက်သေအဖြစ် သိမ်းဆည်းပြီး သေနတ်သမားကို လိုက်လံရှာဖွေရာမှာ အဲဒီပတ်ဝန်းကျင်က အိမ်တအိမ်ထဲမှာ ပြစ်ဒဏ်ကို ရှောင်ရှားတဲ့အနေနဲ့ သူ့ကိုယ်သူ ဆွဲကြိုးချပြီး သေဆုံးနေတာ တွေ့ရတယ်လို့  ရဲက ပြောပါတယ်။

အဲဒီ မြန်မာအလုပ်သမားတွေရဲ့ အမည်နဲ့ အလုပ်အကိုင်တွေကိုတော့ သတင်းမှာ ဖော်ပြထားခြင်း မရှိပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013