DVB Logo
Home
မြန်မာသတင်း
စပါးအပြင် အခြားသီးနှံများပါ အလှည့်ကျ စိုက်ပျိုးရန် တိုက်တွန်း
DVB
·
November 24, 2017
စပါးအပြင် အခြားသီးနှံများပါ အလှည့်ကျ စိုက်ပျိုးရန် တိုက်တွန်း
1 / 2
Donate to DVB

မြန်မာ့စိုက်ပျိုးရေးကဏ္ဍ နိုင်ငံတကာနည်းတူ ဖွံ့ဖြိုးလာစေဖို့ စပါးစိုက် လယ်ယာမြေတွေမှာ မိရိုးဖလာ စပါးတမျိုးတည်း စိုက်ပျိုးမယ့်အစား ဈေးကွက်လိုအပ်ချက်အပေါ် မူတည်ပြီး အခြားသီးနှံများပါ အလှည့်ကျစိုက်ပျိုးကြဖို့  စိုက်ပျိုးရေးပညာရှင်တချို့က တိုက်တွန်းပါတယ်။

မြန်မာ့စိုက်ပျိုးရေးဟာ ဗီယက်နမ်နဲ့ ထိုင်းအပါအဝင် အိမ်နီးချင်းနိုင်ငံတွေထက် နိမ့်ကျနေသလို ဖိလစ်ပိုင်၊ အင်ဒိုနီးရှားနဲ့ တရုတ်နိုင်ငံတို့ကို တင်သွင်းနေတဲ့ ဆန်စပါးတွေရဲ့ အသားတင် အမြတ်ငွေဟာလည်း အိမ်နီးချင်းတွေနဲ့ယှဉ်ရင် အနိမ့်ဆုံးဖြစ်နေတာပါ။

စိုက်ပျိုးစီးပွားနဲ့ ကျေးလက်ဖွံ့ဖြိုးရေးအကြံပေးလုပ်ငန်း (ARDC) မှ အမှုဆောင်အရာရှိချုပ် ဦးတင်ထွဋ်ဦးက “လယ်ယာမြေတွေကို ဈေးကွက်လိုအပ်ချက်အရ တခြားသီးနှံတွေ စိုက်ပျိုးသင့်ရင် စိုက်ပျိုးရမယ်။ စပါးစိုက်ပြီးတဲ့အခါ ဘာမှမစိုက်ဘဲထားတဲ့ မြေလွတ်တွေ အများကြီးရှိတယ်။ မိရိုးဖလာအရ ဒီတမျိုးဆို တမျိုးတည်း စိုက်ပျိုးတာတွေ သတိထားရမယ်။ ဥပမာ စပါးစိုက်တဲ့မြေကို ကြံစိုက်မယ်ဆိုရင်ရော စသဖြင့် ဈေးကွက်ရဲ့ လိုအပ်ချက်အပေါ် မူတည်ပြီး စိုက်ပျိုးရမယ်”လို့ ပြောပါတယ်။

ဒါ့အပြင် အိန္ဒိယနိုင်ငံက ပဲတင်သွင်းမှု ကန့်သတ်ခဲ့ပြီးနောက်ပိုင်း ပဲစိုက်ပျိုးသူတွေ အခက်ကြုံခဲ့ရတာဟာ သတင်းအချက်အလက် ရောက်ရှိမှု အားနည်းချက်ကြောင့် ဖြစ်ပြီး တောင်သူတွေကို အသိပညာပေးတဲ့ လှုပ်ရှားမှုတွေ လုပ်ဖို့လိုတယ်လို့လည်း ဆိုပါတယ်။

“တောင်သူတွေဆိုတာ လုပ်ငန်းရှင်တွေပါ။ သူတို့စိတ်ထဲမှာ ငါတို့က ဆင်းရဲလို တောင်သူလုပ်တယ်။ လယ်စိုက်တယ်။ အဲ့လို အမြင်တွေကို ပြောင်းပစ်ရမယ်။ တနည်းအားဖြင့် တောင်သူတွေက စွန့်ဦးတီထွင်သူ လုပ်ငန်းရှင်တွေပါ။ ကျနော်တို့မှာ အခုချိန်ထိ တကယ် တောင်သူလယ်သမား အကျိုးစီးပွားကို လုပ်မယ့် တောင်သူလယ်သမားအသင်းအဖွဲ့တို့၊ အစည်းအရုံးတို့ဆိုတာ မရှိသေးဘူး။ သူတို့ဆီကို သတင်းအချက်အလက်တွေ၊ Knowledge တွေရဖို့ မီဒီယာ ကမ်ပိန်းတွေ၊ Public ကမ်ပိန်းတွေ လိုအပ်တယ်။” လို့ ဦးတင်ထွဋ်ဦးက ပြောပါတယ်။

အခုအခါ နည်းပညာပိုင်းဆိုင်ရာ အနည်းငယ်ဖွံ့ဖြိုးပြောင်းလဲလာလို့ စားသုံးသူတွေအနေနဲ့ ကုန်ပစ္စည်းတစ်ခုရဲ့ မူရင်းထုတ်လုပ်တဲ့ နိုင်ငံ၊ ဘေးအန္တရာယ် ကင်းရှင်းမှုရှိ၊ မရှိ အာရုံစိုက်လာကြသလို စိုက်ပျိုးရေးလုပ်ငန်းတွေအပေါ် ဗဟိုချုပ်ကိုင်မှု တဖြည်းဖြည်း လျှော့ချလာပြီလို့  ထောက်ပြသူတွေလည်း ရှိပါတယ်။

Myanmar Development Partners(Mayanmar Microfinance ရဲ့ မန်နေဂျင်း ဒါရိုက်တာ ဒေါ်ဖြူယမင်းမြတ်က“အရင်အစိုးရ လက်ထက်တုန်းကလည်း စိုက်ပျိုးရေးကဏ္ဍကို ဗဟို ဦးစီးစနစ်နဲ့ အလေးထားပြီးလုပ်ခဲ့တယ်။ ဗဟိုဦးစီးစနစ်မှာလည်း ကောင်းကျိုး၊ ဆိုးကျိုးဆိုတာ ရှိတယ်။ အရပ်သားအစိုးရ တက်လာတဲ့အချိန်မှာ Market Economy က စကားတော်တော်ပြောလာတယ်။ အရင်လို ဗဟိုဦးစီး မဟုတ်ဘဲနဲ့ တဖြည်းဖြည်းပျော့လာတယ်”လို့ ပြောပါတယ်။

စိုက်ပျိုးရေးကဏ္ဍကို တစိုက်မတ်မတ် အာရုံစိုက်လာတဲ့အချိန်ဖြစ်လို့ အစိုးရဘက်က ကူညီထောက်ပံ့မှုတချို့ ပေးသင့်တယ်လို့လည်း ပြောပါတယ်။

“စိုက်ပျိုးရေးကဏ္ဍမှာ ဆုံးရှုံးမှုတွေရှိနေရင် ဒါကို Cover ပေးနိုင်အောင် အစိုးရက အစီအမံတွေနဲ့ လုပ်ပေးသင့်တယ်။ အများပြည်သူတွေအတွက် တကယ်စီးပွားရေး လုပ်နေတဲ့သူတွေကို အခွန်လျှော့ပေးတာ၊ ဆိုင်းငံ့ပေးတာမျိုးတွေ၊ ခရီးသွားလာမှု လုံခြုံမှုပေးဖို့ တရားဥပဒေစိုးမိုးရေးတွေ၊ Information တွေကို ရအောင် လုပ်ပေးသင့်တယ်။ အကုန်လုံး တက်ညီလက်ညီလုပ်မှ ကျမတို့ရဲ့ စီးပွားရေးက လေး ငါး ဆယ်နှစ်အတွင်း တဖြည်းဖြည်း တက်လာမယ်လို့ ယုံကြည်ပါတယ်။”

လက်ရှိ စိုက်ပျိုးစီးပွားကဏ္ဍမှာ ဗီယက်နမ်နဲ့ ထိုင်းနိုင်ငံတို့က တဟုန်ထိုး တိုးတက်နေပြီး စပါးစိုက်ပျိုးရေးကဏ္ဍမှာလည်း မြန်မာ့ဆန်ဟာ အရည်အသွေးနိမ့်နေပြီး အသားတင် အမြတ်ငွေ ရရှိမှုမှာလည်း အနည်းဆုံးဖြစ်ကြောင်း ကမ္ဘာ့ဘဏ်က ထုတ်ပြန်ထားတဲ့ စာရင်းအရ သိရပါတယ်။

သတင်း - အာကာမင်း

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013