DVB Logo
Home
မြန်မာသတင်း
မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် ဖြူးမြို့နယ်ရှိ ပဲစိုက်တောင်သူများ အခက်တွေ့
DVB
·
November 24, 2017
မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် ဖြူးမြို့နယ်ရှိ ပဲစိုက်တောင်သူများ အခက်တွေ့
Donate to DVB

ပဲခူးတိုင်းဒေသကြီး၊ ဖြူးမြို့နယ်မှာ မိုးအဆက်မပြတ် ရွာသွန်းတာကြောင့် ပဲစိုက်တောင်သူတွေအနေနဲ့ ပဲစိုက်ရာသီ ကျော်လွန်လာပြီး တခြား အစားထိုးသီးနှံ စိုက်ပျိုးဘို့အတွက်လည်း အခက်အခဲတွေ ရှိနေတယ်လို့ ဒေသခံတောင်သူတွေက ပြောပါတယ်။

ကညွတ်ကွင်းမြို့က ပဲစိုက်တောင်သူ ဦးတိုးလွင်က “အရင်နှစ်တွေကဆို ၁၁ လပိုင်း ၂၅ ရက်ဟာ ပဲစိုက်ရက် နောက်ဆုံးပဲလေ။ အခုနှစ်မှ ထယ်တောင် မစရသေးဘူး။ လယ်ကွက်ထဲမှာ ရေတွေက ရှိနေသေးတော့ ဘယ်လိုမှ အဆင်မပြေဘူး မြေပဲကို ပြောင်းစိုက်မယ်ဆိုတော့လည်း ကုန်ကျစရိတ်က မြင့်တယ်။ အတိုးယူပြီး လုပ်ရမှာဖြစ်တော့ အဆင်မပြေဘူး။ နွေစပါး စိုက်ပြန်မယ်ဆိုတော့လည်း ရေရှိမှုက အခက်အခဲ ရှိပြန်တယ်။ ဒီရက်ပိုင်းအတွင်း မိုးပြတ်ရင်တောင် ပဲစိုက်ဖို့က တော်တော်နောက်ကျနေပြီ။”လို့ ပြောပါတယ်။

အခုရက်ပိုင်းမှာ နေ့စဉ်လို မိုးတွေပြန်ရွာသွန်းလာပြီး တပတ်အတွင်း မိုးဆက်လက် ရွာသွန်းနိုင်ခြေ ရှိသေးတယ်လို့ ဖြူးမြို့နယ် မိုးဇလဦးစီးဌာနကလည်း ပြောပါတယ်။

“ဒီတပတ်ထဲမှာ အမြင့်ဆုံး မိုးရေချိန်ကတော့ ၀ ဒသမ ၈၃ လက်မက အမြင့်ဆုံးပေါ့။ ဒီနေ့ကတော့ ၀ ဒသမ ၇၉ လက်မပါ။ နောက်နှစ်ရက် သုံးရက်တော့ ပဲခူးတိုင်းအတွင်း ထစ်ချုန်းမိုး ရှိသေးတယ်”လို့ ဖြူးမြို့နယ် မိုးဇလဌာနက တာဝန်ရှိသူတဦးက ဒီဗွီဘီကို ပြောပါတယ်။

၂၀၁၆ ခုနှစ်မှာ ဖြူးမြို့နယ်ထဲက ပဲစိုက်ဧက ၁ သိန်းကျော် စိုက်ပျိုးခဲ့ပြီး မတ်ပဲကိုသာ အဓိကထား စိုက်ပျိုးခဲ့ကာ နွေစပါးစိုက်ဧက ၄၀၀ ကျော်သာ စိုက်ပျိုးပြီး ဆည်ရေသောက် မရရှိတဲ့အတွက် နွေစပါး စိုက်ပျိုးရာမှာ ချောင်းပိတ်၊ မြောင်းပိတ် စိုက်ပျိုးတာကို အသုံးပြုခဲ့တယ်လို့ ဖြူးမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက သိရပါတယ်။

သတင်း - ကျော်အောင်(ကညွတ်ကွင်း)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013