
ရှမ်းပြည်နယ် မိုင်းတုံမြို့နယ်ထဲက အခြေခံပညာကျောင်းတွေမှာ အသက် ၅ နှစ်ကနေ ၁၅ နှစ်အကြား ကလေးသူငယ်တွေကို ဂျပန်ဦးနှောက်ရောင်ရောဂါ ကာကွယ်ဆေး ထိုးနှံပေးတာကို နိုဝင်ဘာလ ၁၅ ရက်နေ့မှ ၂၃ ရက်နေ့အထိ မြို့နယ်မိခင်နှင့်ကလေး ကျန်းမာရေးဌာန ၄ ခုမှာ ထိုးနှံပေးခဲ့ပါတယ်။
မိုင်းတုံမြို့နယ် ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာသက်ခိုင်မင်းက “မိုင်းတုံ၊ ပုံပါကျင်၊ မုံးထော်မြို့ ၃ မြို့နဲ့ မိုင်းဟန်ကျေးရွာအုပ်စုမှာရှိတဲ့ မိခင်နှင့် ကလေးကျန်းမာရေးဌာနက ဝန်ထမ်းတွေရယ်၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနက ဝန်ထမ်းတွေရယ်၊ မြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်တွေရယ် ပူးပေါင်းပြီး ဂျပန်ဦးနှောက်ရောင်ရောဂါ ကာကွယ်ဆေး အစုအပြုံလိုက် ထိုးနှံပေးခဲ့တာပါ။ ရာနှုန်းပြည့် ထိုးနှံနိုင်ဖို့တော့ ကြိုးစားဆောင်ရွက်သွားမှာပါ။ ပညာရေးဌာန ဆရာ ဆရာမတွေရဲ့ ပူးပေါင်းဆောင်ရွက်ပေးမှုကြောင့် တမြို့နယ်လုံး ၈၈ ရာခိုင်နှုန်း လွှမ်းခြုံထိုးနှံပေးနိုင်ခဲ့ပါတယ်” လို့ ပြောပါတယ်။
တမြို့နယ်လုံးမှာရှိတဲ့ အခြေခံပညာကျောင်းပေါင်း ၂၁ ကျောင်းကို စုစည်းပြီး ရည်မှန်းချက်အနေနဲ့ ၄၅၃၈ ဦး ကာကွယ်ဆေးထိုးနှံပေးဖို့ ဖြစ်ပြီး အမှန်တကယ် ထိုးနှံနိုင်ခဲ့တဲ့ ကျောင်းသား ကျောင်းသူ ၄၀၃၁ ဦးသာ ရှိခဲ့တာကြောင့် ကျောင်းအခြေပြု ဂျပန်ဦးနှောက်ရောင်ရောဂါ ကာကွယ်ဆေးထိုးနှံခြင်း ၈၈ ရာခိုင်နှုန်းသာ လွှမ်းခြုံနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
ရာနှုန်းပြည့်ထိုးနှံနိုင်ဖို့ ဝေးလံခေါင်ဖျား တောင်ပေါ်ဒေသတွေမှာရှိတဲ့ အခြေခံပညာ ကျောင်းသူ ကျောင်းသားတွေကို ဒီဇင်ဘာလထဲမှာ ဆောင်ရွက်သွားဖို့ရှိပါတယ်။
မိုင်းတုံ အထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ဦးဦးမာက “ကာကွယ်ဆေးထိုးတဲ့ ကလေးတွေ တဦးစ နှစ်ဦးစ အနည်းငယ် ခေါင်းမူး ကိုယ်ပူချိန်တက်တာက လွဲလို့ ကာကွယ်ဆေးကြောင့် ဘေးထွက်ဆိုးကျိုး ဖြစ်ပွားမှုတွေ မရှိခဲ့ပါဘူး။ အခုလို တနိုင်ငံလုံးမှာ စီမံချက်နဲ့ ဆောင်ရွက်ပေးတာ ကလေးတွေအတွက် တကယ်ကောင်းပါတယ်။ ဆေးထိုးဖို့ ကျန်ရှိတဲ့ ကျောင်းသား ကျောင်းသူတွေကိုလည်း ရပ်ကွက်ကျေးရွာတွေမှာ ထိုးပေးတဲ့အချိန် မပျက်မကွက် ထိုးနှံကြဖို့ တိုက်တွန်းသွားမှာပါ”လို့ ဆိုပါတယ်။
လူထုအခြေပြု ဂျပန်ဦးနှောက်ရောင်ရောဂါ ကာကွယ်ဆေးထိုးနှံခြင်းကို လာမယ့် ဒီဇင်ဘာလ ၁၁ ရက်နေ့မှ ၂၀ ရက်နေ့အထိ အသက် ၉ လမှ ၁၅ နှစ်ကြားရှိ ကလေးသူငယ်များကို မြို့ပေါ်နဲ့ ကျေးလက်ဒေသတွေ အားလုံးမှာ ဆက်လက်ထိုးနှံပေးသွားမှာ ဖြစ်ပါတယ်။
သတင်း - အောင်ဇေယျ(မိုင်းတုံ)











