DVB Logo
Home
မြန်မာသတင်း
ကရင်ပြည်နယ် ဖွံ့ဖြိုးရေးအတွက် လျှပ်စစ်မီးရရှိဖို့ ကြိုးစားနေ
DVB
·
November 24, 2017
ကရင်ပြည်နယ် ဖွံ့ဖြိုးရေးအတွက် လျှပ်စစ်မီးရရှိဖို့ ကြိုးစားနေ
Donate to DVB

 

ကရင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် လျှပ်စစ်မီးရရှိဖို့ ကြိုးစားနေချိန်မှာ ပြည်သူရဲ့ ထောက်ခံမှု ရာနှုန်းပြည့်ရမယ်လို့ အရင်တည်းက မမျှော်လင့်ထားဘူးလို့ ကရင်ပြည်နယ် ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်က ဆရာတော်တွေကို လျှောက်ထားပြောဆိုခဲ့တာပါ။

နိုဝင်ဘာ ၂၂ ရက်က ဘားအံမြို့၊ သုမေဓာရာမ ကြားတောရကျောင်းမှာ ကျောက်မီးသွေးသုံးလျှပ်စစ်စက်ရုံစီမံကိန်းနဲ့ ပတ်သက်ပြီး စုံညီညှိနှိုင်း ဆွေးနွေးပွဲမှာ လျှောက်ထား ပြောဆိုခဲ့တာပါ။

ကရင်ပြည်နယ် ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်က “တပည့်တော်တို့ လုပ်မယ့် လုပ်ငန်းတွေမှာ အခြေခံအကျဆုံးကတော့ လျှပ်စစ်မီးပါပဲ။ ဒါက တပည့်တော်မှ မဟုတ်ပါဘူး။ သာမန်လူတွေလည်း ဒီလိုမျိုး တွေးနိုင်တယ်လို့ သိနိုင်ပါတယ် ဘုရား။ တပည့်တော်က လျှပ်စစ်မီး ရရှိဖို့အတွက် ကြိုးစားပါတယ်။ ဒီလိုကြိုးစားတဲ့အချိန်မှာ တပည့်တော်မတို့က ပြည်သူရဲ့ ထောက်ခံမှု ရာနှုန်းပြည့်ရမယ်လို့ အရင်တည်းက မမျှော်လင့်ထားပါဘူး”လို့ ပြောပါတယ်။

ကျောက်မီးသွေးသုံး လျှပ်စစ်စက်ရုံစီမံကိန်း တည်ဆောက်ပါက သဘာဝပတ်ဝန်းကျင် ထိခိုက်မှုတွေ ဖြစ်ပေါ်လာမှာကို ဒေသခံတွေက စိုးရိမ်နေကြပါတယ်။

ကရင် မြစ်ချောင်းစောင့်ကြည့်ရေးအဖွဲ့၊ တာဝန်ခံ စောသာဘိုးက “မြန်မာနိုင်ငံက ထူးခြားတယ်။ မြန်မာနိုင်ငံရဲ့ ရာသီဥတု ပြောင်းလဲမှုက နံပါတ် ၂ ရှိတယ်။ ဒီအချိန် နိုဝင်ဘာလက ကျနော်တို့ အနွေးထည် ဝတ်ရတယ်။ အခုအချိန်မှာ စွပ်ကျယ်နဲ့ ပူအိုက်နေကြပြီ။ ဒါက ဘာဖြစ်တာလဲ ဆိုရင် ရာသီဥတု အပြောင်းအလဲ ဖြစ်ပါတယ်။ ဒီတော့ ကျနော်တို့ ကမ္ဘာမှာ သစ်တောပြုန်းတီးမှုနဲ့ ပတ်သက်ရင် ကျနော်တို့ မြန်မာနိုင်ငံက နံပါတ် ၂ ဖြစ်ပါတယ်။ ဒါက လက်ရှိအခြေအနေပါ”လို့ ပြောပါတယ်။

ကေအဲန်ယူ တပ်မဟာ(၁) သထုံခရိုင် အတွင်းရေးမှူး ဦးစောစိုးမြင့်က “ကမ္ဘာမြေကြီးပူနွေးလာတယ်။ သဘာဝပတ်ဝန်းကျင်တွေ ထိခိုက်လာတယ်။ ကျနော်တို့ မြန်မာနိုင်ငံကြီး တခုတည်းနဲ့ လုပ်လို့ရမလား။ သဘာဝပတ်ဝန်းကျင်က တကမ္ဘာလုံးနဲ့ လုပ်ဆောင်ရမယ့် အရာ။ မြန်မာနိုင်ငံပဲ ကွက်ကွင်းပြီး လုပ်လို့မရဘူး။ ကရင်တဖွဲ့တည်း လုပ်လို့ရမလား။ ချင်းတို့ကော သဘာဝပတ်ဝန်းကျင် မထိခိုက်ဘူးလား။ ရှမ်းတို့ကော တခြားဒေသတွေမှာကော ကွက်ကွင်းပြီး ကရင်ပြည်နယ် တခုတည်းနဲ့ ထုံးတောင်တကွက် ကွက်ပြီးတော့ သဘာဝပတ်ဝန်းကျင် ထိရောက်မှု ရှိသလား”လို့ ပြောပါတယ်။

ကျောက်မီးသွေးသုံး လျှပ်စစ်စက်ရုံ စီမံကိန်းနဲ့ပတ်သက်ပြီး အစိုးရ၊ ကေအဲန်ယူ ခေါင်းဆောင်တွေ၊ TTCL ကုမ္ပဏီ၊ ဒေသခံပြည်သူ၊ အရပ်ဘက် အဖွဲ့အစည်းတွေနဲ့ အပြန်အလှန်၊ မေးမြန်းဆွေးနွေးပြီး အစိုးရရဲ့ စီမံခန့်ခွဲမှုအပေါ်မှာ တိတိကျကျ ပြတ်ပြတ်သားသား သိမြင် နားလည်လာဖို့ တွေ့ဆုံပွဲ ကျင်းပတာလို့ ဥဒေါင်းကျောင်း ဆရာတော် ဦးဉာဏုတ္တရက မိန့်ပါတယ်။

အဆိုပါ တွေ့ဆုံပွဲမှာ ကျောက်မီးသွေးသုံး လျှပ်စစ်စက်ရုံက ထွက်ရှိလာမယ့် လျှပ်စစ်ဓာတ်အားကို မဟာဓာတ်အားလိုင်းပေါ် ချိတ်ဆက်ဖြန့်ဝေမှု၊ ဓာတ်အားခနှုန်းထား၊ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ၊ ကျောက်မီးသွေးအကြောင်း၊ ဥပဒေပြဋ္ဌာန်းထားမှု၊ ကျန်းမာရေး၊ လူမှုဘဝတွေကို တက်ရောက်လာသူတွေက မေးမြန်းဆွေးနွေးရာမှာ သက်ဆိုင်ရာ ဝန်ကြီး၊ ပညာရှင်၊ ကုမ္ပဏီ တာဝန်ရှိသူတွေက ပြန်လည်ဖြေကြားခဲ့ပါတယ်။

ဘားအံမြို့နယ် ဝတ်ကြီးကျေးရွာအုပ်စု သုံးအိမ်ကျေးရွာနဲ့ ထုံးတောင်ကျေးရွာအနီး ၁၂၈၀ မဂ္ဂါဝပ် ထုတ်ယူမယ့် ကျောက်မီးသွေး လျှပ်စစ်စီမံကိန်းနဲ့ပတ်သက်ပြီး ပထမဆုံးအကြိမ် စုံညီတွေ့ဆုံခဲ့တာဖြစ်ပြီး ထပ်တွေ့ဆုံဖို့ ဒေသခံ ပြည်သူတွေက လိုလားနေပါတယ်။

သတင်း - ရဲမင်းခေါင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013