DVB Logo
Home
Lead Story
တတိယအင်အားစု
DVB
·
November 24, 2017
တတိယအင်အားစု
Donate to DVB

မြန်မာနိုင်ငံမှာ နိုင်ငံရေးပါတီ အပေါဆုံးခေတ်ကို ပြောမယ်ဆိုရင် ၈၈ အရေးတော်ပုံကြီးကို စစ်တပ်က ဖြိုခွင်းအာဏာသိမ်းပြီးတဲ့နောက် ဒီမိုကရေစီ ဘက်တော်သားတွေကို တွေ့ရာသင်္ချိုင်း ဓားမဆိုင်း လမ်းမတွေပေါ်မှာ၊ လမ်းကြိုလမ်းကြားတွေမှာ မြင်မြင်သမျှ ပစ်သတ်ပြီး အရေးတော်ပုံကြီးကို ဖြိုခွဲပြီးနောက် ပါတီစုံရွေးကောက်ပွဲ ကျင်းပပေးမယ်ဆိုပြီး ပါတီတွေကိုလည်း ဖွဲ့ခွင့်ပေးလိုက်ပါတယ်။ ၈၈ လူထုဆန္ဒပြပွဲ ကာလတုန်းက အဖွဲ့အစည်းတွေ၊ ပါတီတွေ အတော်များများ ပေါ်ပေါက်ခဲ့သလို ရွေးကောက်ပွဲဝင်ပြိုင်ဖို့ ပါတီတွေဖွဲ့ခွင့်ပေးလိုက်တဲ့ ကာလမှာလည်း သတ်မှတ်ထားတဲ့ ရွေးကောက်ပွဲ စည်းကမ်းတွေအတိုင်း မြန်မာ့သမိုင်းမှာ ပါတီတွေ အများဆုံးဖွဲ့စည်းကြ၊ မှတ်ပုံတင်ကြတာကို တွေ့ရတာပါပဲ။

အဲဒီတုန်းကတော့ လက်ဝဲ၊ လက်ယာကြား၊ ဘယ်သူမဆို ဒီမိုကရေစီကို ရေလဲသုံးနိုင်ရင် ပါတီထောင်နိုင်တယ် ဆိုသလိုပါပဲ ပါတီအသီးသီး ထောင်လာကြတယ်။   ပလတ်စတစ်စက်ရုံ တည်ထားတဲ့သူကလည်း ပါတီဥက္ကဋ္ဌအဖြစ် ပါတီထောင်တာပဲ။   ပိုက်ဆံရှိလို့ ဘုရားလူကြီး လုပ်တာလား၊ ဘုရားလူကြီးလုပ်လို့ ပိုက်ဆံရှိတာလား မသိ၊ အဲဒီလိုလူကလည်း ပါတီထောင်ပြီး ပါတီအစည်းအဝေးစတိုင်း နမောတဿရွတ်တဲ့ အဖြစ်တွေနဲ့ မြန်မာ့သမိုင်းမှာ ရောင်စုံ ဒီမိုကရေစီခေတ်ကြီး ရှိခဲ့ပါတယ်။ ကျနော့်မိတ်ဆွေ၊   ကျနော့်ထက် အသက် ၂၀ ကျော်လောက်ကြီးတဲ့ နိုင်ငံရေးကို အလွန်စိတ်ဝင်စားတဲ့လူဆိုရင် ပါတီတခုကို ချက်ချင်းထောင်လိုက်တာပဲ။ မဆလခေတ်တုန်းကတော့ ဆိုရှယ်လစ်ဝါဒကို စိတ်ဝင်စားတဲ့ ပိုက်ဆံရှိသူတယောက်အဖြစ်ပေါ့။ မဆလပါတီမှာလည်း ဝင်ရောက်ခဲ့ဖူးတယ်။ နောက် စိတ်တိုင်းမကျတာနဲ့ ထွက်လိုက်တာလား၊ ပါတီသန့်စင်ရေးထဲ ပါသွားတာလား မသိ။ သူက သမ္မာဒိဋ္ဌိသုတေသနအဖွဲ့မှာ ပါဝင်ပြီး မြို့နယ်ဥက္ကဋ္ဌလောက်တော့ တာဝန်ယူလိုက်ပုံရတယ်။ သူနဲ့ စိတ်တူတဲ့သူတွေ၊ ဝါသနာတူတဲ့သူတွေ၊ စကားပြောလို့ရတဲ့သူတွေနဲ့ စုလိုက်ပုံရပါတယ်။ မဆလပါတီတုန်းကတော့ လူပေါင်းစုံနဲ့ ကြုံ၊ တပ်ထွက်တွေနဲ့တွေ့ရတော့ အလိုကျပုံ မရပါဘူး။ နောက် အာဏာသိမ်းအစိုးရ တက်လာပြီး ပါတီတွေ ထောင်ခွင့်ပေးလိုက်တဲ့အချိန်မှာ ကျနော့်မိတ်ဆွေကြီးလည်း သူဖွဲ့ချင်တဲ့ပါတီနဲ့ နာမည်ကို ပေးလိုက်ပါတယ်။ ဆိုရှယ်ဒီမိုကရက်တစ် လေဘာတီပါတီ ဆိုပြီး ပေးလိုက်တယ်။ ပါတီထဲ ပါတဲ့သူတွေက သူနဲ့ သဘောထားချင်း တူတဲ့သူရော၊ မတူတဲ့သူရော၊   စီးပွားရေးသမားတွေရော၊ ဘာသာရေးသမားတွေရော၊ လယ်သမားတွေရော၊ အလုပ်သမားတွေရော၊ ကျောင်းသားတွေရော၊ သူ့ဆွေမျိုးတွေရော အစုံပါပဲ။ သူ့ပါတီကို ပထမဆုံး အသိအမှတ်ပြုတာက သြစတြေးလျက အာဏာရပါတီ ဖြစ်ခဲ့တဲ့ ဆိုရှယ်ဒီမိုကရက်တစ် လေဘာပါတီ ဖြစ်ပါတယ်။ သူက မာ့က်စ်ဝါဒီတဦး ဖြစ်တယ်။   ကျနော်က “ဟေ့လူ ခင်ဗျားက မာ့က်စ်ဝါဒီတဦး မဟုတ်လား။ ဦးကျော်ငြိမ်းတို့ကို ဖဆပလ ဆိုရှယ်ဆိုပြီး တိုက်ခဲ့ကြတာ မဟုတ်လား။ အဲဒီထဲကထွက်လာတဲ့ သခင်လှကြွေ၊   သခင်လွင်၊ ဝိဓူရသခင်ချစ်မောင်တို့ကို ဆိုရှယ်နီလို့တောင် ခေါ်ခဲ့ကြတာပဲမဟုတ်လား” လို့ ရင်းနှီးသူပီပီ တရင်းတနှီးနဲ့ နောက်ပြောင် ဝေဖန်ခဲ့ပါတယ်။ ရုပ်ရှင်မင်းသား၊ ဒါရိုက်တာ ရဲဘော်သက်ရှည်ကလည်း ပါတီထောင်တယ်။ ရုပ်ရှင်မင်းသမီး နွဲ့နွဲ့မူကလည်း ပါတီထဲ ဝင်တယ်။ ပါတီပေါင်း ရာချီထူထောင်ပြီး စစ်အစိုးရကပဲ ဖျက်သိမ်းပစ်လိုက်တယ်။   ပြည်သူ့တိုးတက်ရေးပါတီ၊ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီတွေကို တွေ့ရာသင်္ချိုင်း ဓားမဆိုင်း လိုက်လံဖမ်းဆီးခဲ့ပါတယ်။ မြေအောက်ပါတီ၊ ယူဂျီပါတီ၊ ဟိုပါတီ၊ ဒီပါတီဆိုပြီး မျက်နှာဖုံးတွေ ဖမ်းစွပ်လိုက်ကြပါတယ်။ သတ်မှတ်တဲ့ ရွေးကောက်ပွဲကော်မရှင်ရဲ့ စည်းကမ်းနဲ့မညီလို့ ဖျက်သိမ်းရတဲ့ပါတီတွေ မနည်းသလို ၈၈ မျိုးဆက် ကျောင်းသားအုပ်စုကို ဖမ်းဆီးပြီး အားလုံး ထောင်ထဲထည့်လိုက်တာ အန်အယ်လ်ဒီ ပါတီတောင် ဘယ်နေ့ မတရားအသင်း ကြေညာခံရမလဲလို့ ရင်တထိတ်ထိတ် စောင့်နေရတယ်။ စီအီးစီတွေ၊ ဗဟိုကော်မတီတွေ အဖမ်းခံရ၊   အထွေထွေအတွင်းရေးမှူးလည်း နေအိမ်အကျယ်ချုပ်ခံရနဲ့ ဦးအောင်ရွှေတို့ အုပ်စုတောင် သတိနဲ့နေလိုက်လို့ အဖမ်းမခံရတာ ဖြစ်ပါတယ်။

နောက် ပါတီတွေ ပြန်လှုပ်ရှားလာတာကတော့ ၂၀၀၈ ဖွဲ့စည်းပုံကို ချည်ပြီးတုပ်ပြီး အသိအမှတ်ပြု၊ ဒို့တာဝန်အရေးသုံးပါးကို ဦးထိပ်ထား လမ်းပြမြေပုံ ၇ ချက်နဲ့ ချီတက်ဖို့ တနည်းပြောရရင် စစ်အာဏာရှင်တွေဟာ သူတို့အကျိုးစီးပွား မထိခိုက်ရေးအတွက် အတတ်နိုင်ဆုံး အကာအကွယ်ပေးပြီး အကျိုးစီးပွားကာကွယ်ရေး မထိခိုက်အောင် မိမိတို့အတွက် ရေပက်မဝင်အောင် ရေးဆွဲလိုက်တဲ့ ဖွဲ့စည်းပုံကြောင့် ပါတီတွေ ထောင်ခွင့် ရလာပြန်တယ်။ နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်တဲ့အခါမှာ ၂၀၀၈ ဖွဲ့စည်းပုံကို လက်ခံရပါမယ်။ ၂၀၀၈ ဖွဲ့စည်းပုံအောက်မှာ ကျင်းပတဲ့ ရွေးကောက်ပွဲမှာ အနည်းဆုံး ၃ နေရာ ဝင်အရွေးခံရမယ် ဆိုတာမျိုးနဲ့ ချုပ်ကိုင်ပြီး ၂၀၀၈ ဖွဲ့စည်းပုံကို လက်မခံတဲ့ နိုင်ငံရေးပါတီတွေဟာ ပါတီမဖြစ်တော့ဘူးပေါ့။ ၂၀၁၀ ပါတီစုံ ရွေးကောက်ပွဲအတွက် ပါတီတွေ မှတ်ပုံတင်ဖို့ ကြေညာတဲ့အခါ အဲဒီဥပဒေ စည်းကမ်းချက်တွေကြောင့် အန်အယ်လ်ဒီပါတီ မယှဉ်ပြိုင်ခဲ့ပါဘူး။ သတ်မှတ်တဲ့ ဥပဒေ စည်းကမ်းဘောင်တွေနဲ့ မကိုက်ညီတာကြောင့် တချို့ ကျန်တဲ့ နိုင်ငံရေးပါတီတွေလည်း ဝင်ပြိုင်ခြင်းမရှိခဲ့ပါဘူး။   အန်အယ်လ်ဒီပါတီ ဝင်ပြိုင်တဲ့ ၂၀၁၅ ရွေးကောက်ပွဲ နောက်ပိုင်းလည်း အဲဒီဥပဒေစည်းကမ်းတွေက ရှင်သန်နေဆဲပါပဲ။ ယခုအချိန်မှာ နောက်ထပ် နိုင်ငံရေးပါတီတွေလည်း အသစ်မှတ်ပုံတင်လာကြတာကို တွေ့ရပါတယ်။   အဲဒီပါတီတွေထဲမှာ ပြည်သူလူထုအတွက် ဒီမိုကရေစီကို ဖော်ဆောင်ပေးနိုင်တန် ကောင်းရဲ့လို့ ဆိုရမယ့် တတိယပါတီ တနည်း “Third Force" လို့ခေါ်တဲ့ တတိယအင်အားစုများ ပေါ်လာလေမလားလို့ နိုင်ငံရေးလောကနဲ့ ဒီမိုကရေစီ အစစ်အမှန်ကို မျှော်လင့်တဲ့ တတိယအင်အားစုတွေက စောင့်မျှော်ခဲ့ပါတယ်။

ဒီနေရာမှာ ပြောစရာရှိတာကတော့ တတိယပါတီလို့ ခေါ်ရမယ့် တတိယအင်အားစု ဆိုတဲ့ နိုင်ငံရေးအင်အားစု အသစ်တခု အကြောင်းပါပဲ။ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက ကိုဂျင်မီကတော့ တတိယအင်အားစုဆိုတာ မရှိ။ ဒီမိုကရေစီကို လက်ခံလိုလားသူနဲ့ ဒီမိုကရေစီကို လက်မခံ ဆန့်ကျင်တဲ့သူတွေပဲ ရှိတယ်လို့ ဆိုတယ်။   ဒါပေမယ့် သူတို့ထဲက ယခင် ၈၈ မျိုးဆက် ငြိမ်းပွင့်ထဲက အင်အားစုတွေကတော့ ယခုဆိုရင် ပါတီအသစ်ထောင်ဖို့ စိုင်းပြင်းနေတာကို ကျနော်တို့ တွေ့မြင်နေကြရပြီ။ ဘာကြောင့် တတိယအင်အားစု ရှိသင့်ပါသလဲ။ ဆန်းစစ်မယ်ဆိုရင် လက်ရှိ နိုင်ငံရေးအခြေအနေမှာ ပြည်သူတရပ်လုံးက တောင်းဆိုနေတဲ့ အမျိုးသားညီညွတ်ရေးဆိုတာ၊ ပြည်တွင်းငြိမ်းချမ်းရေးဆိုတာ၊ ဒီမိုကရေစီရေးဆိုတာ လက်ရှိ နိုင်ငံရေးပါတီတွေနဲ့ အာဏာရပါတီက ဆောင်ရွက်မပေးနိုင်ဘူးဆိုရင် တတိယအင်အားစုလို့ခေါ်တဲ့ တတိယပါတီက ပေါ်ပေါက်လာကာ သူ့ကို ပြည်သူလူထုက ထောက်ခံတယ်ဆိုရင် သူဟာ အင်အားကြီးပါတီ ဖြစ်သွားနိုင်တာပေါ့။ ပြည်သူကို ရဲရဲရင့်ရင့်၊ ပြတ်ပြတ်သားသား၊   မှန်မှန်ကန်ကန် ခေါင်းဆောင်နိုင်တဲ့၊ ပြည်သူရဲ့ဆန္ဒကို ဖော်ဆောင်နိုင်တဲ့ အင်အားစုမျိုးဟာ ပေါ်ကို ပေါ်ပေါက်လာရမှာ ဖြစ်တယ်။ မြန်မာပြည် နိုင်ငံရေးမှာ အဲဒီလို ပြည်သူလူထု တောင်းဆိုတဲ့ သမိုင်းပေးဖြစ်ရပ်တွေ ရှိခဲ့တာပဲ။ ကိုလိုနီခေတ်ကတည်းက ယနေ့အထိ ပြည်သူတောင်းဆိုတဲ့ပါတီ၊ ပြည်သူတောင်းဆိုတဲ့ နိုင်ငံရေး၊ ပြည်သူတောင်းဆိုတဲ့ နိုင်ငံရေးအဖွဲ့အစည်းဆိုတာ မိုးပေါ်ကကျလာတာ မဟုတ်ဘဲ ပြည်သူရဲ့လိုအပ်ချက်၊ ဆန္ဒနဲ့အတူ ပေါ်ပေါက်လာခဲ့တာ ဖြစ်တယ်။ အရင် ၁၉၆၂ ခုနှစ်တုန်းက အာဏာသိမ်းခဲ့တဲ့ စစ်ကောင်စီ၊ စစ်ကောင်စီကနေ စစ်အာဏာရှင်စနစ်၊ ၁၀ နှစ်ကျော်ကျော် အခြေခံဥပဒေ မရှိဘဲ တိုင်းပြည်ကို အုပ်ချုပ်မင်းလုပ်ခဲ့တာပဲ။ နောက် စစ်ကောင်စီက ထူထောင်လိုက်တဲ့ မဆလပါတီ၊ အဲဒါတွေဟာ ပထမအင်အားစုတွေအဖြစ် ရှင်သန်ပြီး တိုင်းပြည်ကို ဗိုလ်ကျအုပ်ချုပ် မင်းလုပ်ခဲ့တာပဲ မဟုတ်လား။ အဲဒီ ပထမအင်အားစုအပေါ် မကျေနပ်လို့ ပြည်သူ့အကျိုးကို ဆောင်ရွက်မယ်ဆိုတဲ့ ပါတီတွေ၊ နိုင်ငံရေးအင်အားစုတွေဟာ စစ်အာဏာရှင်တွေရဲ့ တဖွဲ့တပါတီပဲ ရှိရမယ် ဆိုတာကြောင့် အားလုံးဟာ မြေအောက်ပါတီတွေ ဖြစ်သွားတယ်။

လက်နက်ကိုင်တော်လှန်ရေးထဲ ဆင်းပြီး မတရားအသင်း ကြေညာခံထားရတဲ့ ပါတီတွေ ဖြစ်သွားပါတယ်။ အဲဒီထဲမှာ အင်အားအတောင့်ဆုံးနဲ့ စစ်အာဏာရှင်စနစ်နဲ့ မဆလ တပါတီစနစ်ကို ဗိုလ်နေဝင်းပြောတဲ့ ဓား ဓားချင်း ဆိုတဲ့ စကားလို သူ သေနတ်၊   ကိုယ် သေနတ်ချင်း ယှဉ်နိုင်တာက ဗမာပြည်ကွန်မြူနစ်ပါတီပဲ။ တိုင်းရင်သား လက်နက်ကိုင် အဖွဲ့အစည်းတွေပဲ။ ဒါပေမယ့် တိုင်းရင်းသားပါတီတွေကိုတော့ ဗမာတပြည်လုံးကို ကိုယ်စားမပြုဘူးလို့ သတ်မှတ်ထားကြသလို သူတို့ကလည်း သူတို့လူမျိုးစု အကျိုးအတွက်ပဲ ဖွဲ့စည်းထားကြတာ ဖြစ်တယ်။

ဒါကြောင့် ဒုတိယအင်အားစုအဖြစ် ဗမာပြည်နိုင်ငံရေးကို ဦးဆောင်မှု မပေးနိုင်ခဲ့ပါဘူး။ စစ်ရေးအရရော၊ စည်းရုံးရေးအရရော အင်အားရှိနေသေးတဲ့ ဗမာပြည်ကွန်မြူနစ်ပါတီဟာ ဒုတိယအင်အားစုအဖြစ်နဲ့ စစ်အာဏာရှင်တို့ကို အန်တုဖက်ပြိုင်ပြီး ဗမာပြည်နိုင်ငံရေးမှာ ပါဝင်ခဲ့တယ်။ လက်နက်ကိုင်အင်အားနဲ့ အာဏာသိမ်းနိုင်လိမ့်မယ်လို့လည်း မျှော်လင့်ခဲ့ပါတယ်။

ဒါပေမယ့် ပြည်တွင်းစစ်သက်တမ်းနဲ့အတူ ဒုတိယအင်အားစုရဲ့ သက်တမ်းဟာလည်း ရှည်ကြာလာတာနဲ့အမျှ နယ်ချဲ့လက်ဝေခံတွေ၊ အမျိုးသားဓနရှင် အပါအဝင် ဓနရှင်ကြီးတွေဟာလည်း သူတို့အကျိုးစီးပွားအတွက် အုပ်ချုပ်တဲ့ အစိုးရအဆက်ဆက်နဲ့ ပူးပေါင်းပြီး လက်ဝဲအင်အားစုတွေကို ဖြိုဖျက်ပြီး ဗမာပြည်ကွန်မြူနစ်ပါတီကို ဆန့်ကျင်ခဲ့ကြတာကြောင့် အာဏာဟာ နီးလိုက် ဝေးလိုက်နဲ့ ရှည်ကြာလာတာကြောင့် ပြည်သူဟာ ၈၈ ဒီမိုကရေစီ အရေးတော်ပုံကြီးလို တော်လှန်ရေးကြီးနဲ့ တတိယအင်အားစုကို ရွေးချယ်လိုက်တာပဲ။ ၈၈ အရေးတော်ပုံကြီးကို ဦးဆောင်ခဲ့တဲ့ ကျောင်းသားသမဂ္ဂ ဗကသ အဖွဲ့ချုပ်ကို ကိုယ်စားပြုတဲ့ မင်းကိုနိုင်၊ ကိုကိုကြီး စတဲ့ ယခု ၈၈ မျိုးဆက်ငြိမ်းပွင့်ဆိုတဲ့ ကျောင်းသားလူငယ်တွေပဲ ဖြစ်ပါတယ်။

သူတို့တတွေကသာ ကျောင်းသားသမဂ္ဂအဖြစ်နဲ့ရော၊ အဲဒီကနေ မွေးဖွားခဲ့တဲ့ နိုင်ငံရေးပါတီအဖြစ်နဲ့ရော လူထုတိုက်ပွဲကြီးကို ဦးဆောင်နိုင်ခဲ့ရင် အန်အယ်လ်ဒီဟာ တတိယအင်အားစု ဖြစ်မလာနိုင်ဘူး။ ဒီကျောင်းသားလူငယ်တွေဟာ ဗမာပြည်ကို နိုင်ငံရေး ရည်ရွယ်ချက်နဲ့ မဟုတ်ဘဲ မိခင်ကျန်းမာရေးကြောင့် ရောက်လာတဲ့ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့ ရင်သွေးဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်ကို ခေါင်းဆောင်မြှောက်ကာ တတိယအင်အားစုအဖြစ် ရွေးချယ်ခဲ့တာ နိုင်ငံရေးသမိုင်း ဖြစ်ရပ်တခုပဲ။

ပထမအင်အားစုကို မကျေနပ်တဲ့ ပြည်သူတွေဟာ ဒုတိယအင်အားစုရဲ့ အခြေအနေကြောင့် ယခုလို လစ်ဘရယ် ဒီမိုကရေစီတိုက်ပွဲမှာ တတိယအင်အားစုကို မွေးထုတ်ပေးပြီး တတိယအင်အားစုရဲ့ ခေါင်းဆောင်မှုနောက် လိုက်ကြမယ် ဆိုတာဟာ သမိုင်းဖြစ်ရပ်တခု ဖြစ်သလို လိုအပ်တဲ့အချိန် တတိယအင်အားစု ပေါ်လာတယ်ဆိုတာကို သတိချပ်ရလိမ့်မယ်။

ဒါကြောင့် တတိယအင်အားစု Third Force ဆိုတာ ရှိပါတယ်။ ဒီအင်အားစုဟာ ဖိနှိပ်တဲ့အင်အားစုကို ဆန့်ကျင်လာမှာပဲ။ ပြည်သူနဲ့အတူရှိတဲ့ အင်အားစုနဲ့ ပူးပေါင်းလာမှာပဲ။   ဒါကြောင့် တတိယအင်အားစုဆိုတာ ရှိသလားဆိုရင် ရှိကိုရှိပါတယ်။ သမိုင်းက တောင်းဆိုလာတဲ့အခါ အရည်အချင်းရှိတဲ့ ခေါင်းဆောင်တွေနဲ့အတူ တတိယအင်အားစု ဆိုတာ ပေါ်ပေါက်လာမှာ ဖြစ်ပါတယ်။

ထက်မြက်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013