
စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ် မြစ်သာမြစ်ကြီး ဖြတ်သန်းစီးဆင်းနေတဲ့ ပြင်သာကျေးရွာ ကမ်းပါးအစပ်မှာ နိုဝင်ဘာ ၂၁ ရက် မနက်ပိုင်းက ကမ်းပါးအစပ် မြေသားတွေ စတင်နိမ့်ကျမှု ဖြစ်ပွားခဲ့ပါတယ်။
၂၄ နာရီအတွင်း နိုဝင်ဘာ ၂၂ ရက် မနက်ပိုင်းမှာ ၁၅ ပေလောက်အထိ မြစ်ရေထဲကို ကျွံကျခဲ့ရာ ပြင်သာဆိပ်အထိ ဖောက်လုပ်ထားတဲ့ ကွန်ကရစ်လမ်းဘေးအထိ အက်ကွဲကြောင်း ဖြစ်ပေါ်လာခဲ့ပြီး ကွန်ကရစ်ရေမြောင်းရဲ့ အချို့အစိတ်အပိုင်းတွေလည်း ၁၅ ပေလောက် နိမ့်ကျသွားတယ်လို့ သိရပါတယ်။
လက်ရှိအချိန် မြစ်ကမ်းနံဘေးရှိ လူနေအိမ် ၂ လုံး ဖျက်သိမ်းခဲ့ကြရပြီး အနီးပတ်ဝန်းကျင်က နေအိမ်တွေလည်း အိမ်အောက်မြေကြီးမှာ အက်ကြောင်းတွေ ပေါ်လာလို့ ကျွံကျသွားမှာကို စိုးရိမ်ပူပန်နေကြောင်း၊ မြစ်သာမြစ်ဆိပ်အောက်ပိုင်းမှာ မုန်စုပ်ယူများလို့ မြေကြီးတွေ ကျွံကျတာ ဖြစ်နိုင်ကြောင်း ပြင်သာရွာသား ကိုသားငယ်က ပြောပါတယ်။
မြေကျွံကျမှုမှာ ပေ ၁၀၀ ပတ်လည်လောက်ရှိပြီး ၂၀၁၅ ခုနှစ် ရေဘေးကာလက ရေအမြင့်ဆုံး ရောက်ခဲ့တဲ့ အမှတ်တွေကို နေ့စွဲတွေနဲ့ မှတ်သားထားပေးတဲ့ အမှတ်အသားပါ အုန်းပင်ကြီးမှာလည်း မြေကျွံကျရာမှာ ပါသွားတယ်လို့ သိရပါတယ်။











