
ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ် ကမ်းနီကျေးရွာအနီးရှိ စစ်အာဏာရှင်တပ်ရဲ့ အမှတ် ၉ တန်းမြင့် လေ့ကျင့်ရေးသင်တန်းကျောင်း (တိုင်းဗဟို-၉) ကို စစ်အာဏာရှင်တပ်က ဇူလိုင် ၂၀ ရက် ညနေပိုင်းက လေကြောင်း ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
မင်းပြား-အမ်း လမ်းပိုင်းရှိ ကမ်းနီးကျေးရွာအနီးရှိ တိုင်းဗဟို ၉ လေ့ကျင့်ရေး သင်တန်းကျောင်းကို စစ်အာဏာရှင်တပ်က ဇူလိုင် ၂၀ ရက် ညနေ ၇ နာရီ ၁၅ မိနစ်မှာ ဂျက်ဖိုက်တာတစင်းနဲ့ ဗုံး ၃ လုံး ကြဲချသွားတယ်လို့ မင်းပြားဒေသခံ အမျိုးသားတယောက်က ပြောပါတယ်။
“ကမ်းနီ တိုင်းဗဟို ၉ လေ့ကျင့်ရေးသင်တန်းကျောင်းဟောင်းကို ညနေပိုင်း ၇ နာရီကျော်မှာ ဂျက်ဖိုက်တာတစင်းနဲ့ ဗုံးကြဲသွားတာ။ ဗုံးကတော့ ၃ လုံး ကြဲချသွားတာ။ အထိအခိုက် ရှိ၊ မရှိတော့ မသိရသေးဘူး။ ဒီရက်ပိုင်း ရခိုင်က မြို့၊ ရွာတွေကို နေ့တိုင်း ဗုံးကြဲတိုက်ခိုက်လာတာကြောင့် အတော်လေးကို သတိထားနေကြရတယ်။”
ဇူလိုင် ၂၀ ရက် နေ့လယ်ပိုင်းကလည်း မြောက်ဦးမြို့နယ် ကျောက်ဆည်ပြင်ကျေးရွာအနီးရှိ ရမ်းချောင်းတောင်တန်းတွေကို စစ်အာဏာရှင်တပ်က ဂျက်ဖိုက်တာ ၄ စင်း၊ Y-12 တစင်းနဲ့ ဗုံးအလုံးရေ ၅၀ ကျော် ကြဲချ တိုက်ခိုက်ခဲ့တယ်လို့ မြောက်ဦးဒေသခံတွေက ပြောပါတယ်။
ဇူလိုင် ၁၉ ရက်ကလည်း မအီမြို့၊ သံတွဲမြို့နဲ့ ပုဏ္ဏားကျွန်းမြို့နယ်တို့ကို စစ်အာဏာရှင်တပ်က ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သား ၅ ယောက် သေဆုံးပြီး ၂၉ ယောက် ထိခိုက်ဒဏ်ရာ ရရှိသွားတယ်လို့ အာရက္ခတပ်တော် (AA) က သတင်းထုတ်ပြန်ထားပါတယ်။
စစ်အာဏာရှင်တပ်ဟာ ရခိုင်ပြည်နယ်က မြို့၊ ရွာတွေကို နေ့စဉ်ရက်ဆက် ဗုံးကြဲ တိုက်ခိုက်လာနေတာကြောင့် အရပ်သား ထိခိုက်သေဆုံးမှုလည်း ဆက်တိုက်မြင့်တက်နေပါတယ်။
စစ်အာဏာရှင်တပ်ဟာ သူတို့အစိုးရရဲ့ ရက် ၁၀၀ စီမံကိန်းအနေနဲ့ ငြိမ်းချမ်းရေး ဖိတ်ခေါ်နေပေမဲ့လည်း တဖက်မှာ ပြည်သူတွေကို ဗုံးကြဲသတ်ဖြတ်နေတာကြောင့် အပြောနဲ့အလုပ် ကိုက်ညီမှုမရှိဘူး ဖြစ်နေတယ်လို့ အာရက္ခတပ်တော်က ပြောထားပါတယ်။
စစ်အာဏာရှင်တပ်ဟာ အာရက္ခတပ်တော်နဲ့ တိုက်ခိုက်နေတဲ့ စစ်မျက်နှာတွေမှာ စစ်ရေးအရ အရေးနိမ့်နေတာကြောင့် လက်လွှတ်ထားရတဲ့ မြို့၊ ရွာတွေကို နေ့စဉ်ရက်ဆက် ဗုံးကြဲတိုက်ခိုက်မှုတွေ ပြုလုပ်လာနေတာလည်း ဖြစ်ပါတယ်။











